အာဏာသိမ်းစစ်ကောင်စီ၏ နေဝင်ချိန် (အောက်ပါ အချက် (၃) ချက်ကို လေ့လာသုံးသပ်ကြည့်လျှင် ထင်ရှား)
အာဏာသိမ်းစစ်ကောင်စီ၏ နေဝင်ချိန် ကြရောက်လာပြီဟူသည့်
မှတ်ချက်သည် အောက်ပါ အချက် (၃) ချက်ကို လေ့လာသုံးသပ်ကြည့်လျှင်
ထင်ရှားပေါ်လွင်လာပါလိမ့်မည်။ ၎င်းတို့မှာ
၁။ ဖက်ဒရယ်ဒီမိုကရေစီ နိုးကြားရှင်သန်နေခြင်း
ဖက်ဒရယ်ဒီမိုကရေစီဟူသည့် နိုင်ငံရေးအယူအဆသည် မြန်မာ့မြေတွင် ခေတ်အဆက်ဆက် ရှင်သန်ကြီးထွား
လွှမ်းမိုးလျှက်ရှိနေသည်ကို နွေဦးတော်လှန်ရေးက သက်သေထူလိုက်သည်။
စစ်အာဏာရှင်တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပပျောက်ရေးကို အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဖက်ဒရယ်ဒီမိုကရေစီဟူသည့်
နိုင်ငံရေး မျှော်မှန်းချက်သည် ပြည်သူတို့၏ အသိတရားနှင့်
နှလုံးသားထဲတွင် အစဉ်ရှင်သန်နိုးကြားလျှက် ရှိနေခဲ့သည်။



အညွှန့်တလူလူတက်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်သည် ဦးနု ခေတ်တွင် မသိကျိုးကျွန် ပြုခြင်းခံခဲ့ရသည်။
ဗိုလ်ချုပ် နေဝင်း ဦးဆောင်သည့် စစ်အုပ်စုက ဇူလိုင်လ ၇၊ ၁၉၆၂ တွင် အာဏာသိမ်း ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို အညွှန့်ချိုးလိုက်သည်။
၁၉၈၈ ခုနှစ် စက်တင် ဘာလ ၁၈ ရက် တွင် ဗိုလ်ချုပ်စောမောင် နှင့်စစ်အုပ်စုက တိုင်းပြည်၏ အာဏာကို
အဓမ္မသိမ်းယူခဲ့သဖြင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီစနစ်ဖြင့် အသွင်ပြောင်း အစားထိုးရန် ကြိုးပမ်း ခဲ့ကြသည်။
အခြား စစ်အာဏာရှင်များနည်းတူ တပ်ချုပ် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အာဏာ ရှင်အုပ်စုသည် တိုင်းပြည်၏
အချုပ်အချာအာဏာကို ဖေဖေါ်ဝါရီလ ၁၊ ၂၀၂၁ ခုနှစ်တွင် မတရား သိမ်းပိုက်ခဲ့ပါသည်။
ယခုတကြိမ် အာဏာသိမ်းမှု အောင်မြင်ခဲ့ပါက ဖက်ဒရယ်ဒီမိုကရေစီ စနစ်သည်
အပြီးတိုင် ချုပ်ငြိမ်းကွယ်ပျောက်သွားဖွယ်ရှိနေပါသည်။
အာဏာသိမ်း စစ်အုပ်စု၏ အဓိကရန်သူမှာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖြစ်ပါသည်။
သူတို့၏ အဓိက တာဝန်မှာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ဖျက်စီးပြီး မြန်မာ့ မြေပေါ်မှ ထာဝရ ကွယ်ပျောက်သွားရန် ပြုလုပ်ခြင်းဖြစ်သည်။
အကြမ်းဖက် အာဏာသိမ်း စစ်အုပ်သည် ၎င်းလုပ်ငန်းစဉ်ကို ခေတ်အဆက်ဆက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ ကြပါသည်။
ဆယ်စုနှစ် ၆ ခုခန့် အချိန်ယူကာ မိမိတို့၏ နိုင်ငံရေးအမှောင်ချမှု လုပ်ငန်းများ၊
နိုင်ငံရေးရည်မှန်း ချက်များနှင့် မိမိတို့၏ နိုင်ငံရေး ဝါဒဖြန့်ချီသွတ်သွင်းမှုတို့ကို ချော့တခါ ခြောက်တလှည့်ဖြင့်
နည်းလမ်းပေါင်း မျိုးစုံသုံးကာ စစ်အာဏာရှင်တိုင်းက ကျင့်သုံးခဲ့ကြသည်။<



သို့သော် မြန်မာပြည်သူလူထုသည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အာဏာရှင် စစ်အုပ်စုကို မကြောက်မရွံ့ တော်လှန် ပုန်ကန်ခဲ့ကြသည်။
ပြည်သူတို့က ဖက်ဒရယ်ဒီမိုကရေစီကို နှစ်သက်လိုလားကြသည်။ ပွေ့ဖက်ထားကြသည်။
၎င်းအအတွက် ပေးဆပ် စွန့်လွှတ် အနစ်နာခံ ကြသည်။
အာဏာရှင်တော်လှန်ရေး သမိုင်းကိုကြည့်လျှင် ပြည်သူတို့သည် အကြမ်းဖက် စစ်အာဏာ ရှင်များ၏ နှိပ်စက်ညှဉ်းပန်းခြင်း၊
ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသော်လည်း ပြည်သူတို့၏ နိုင်ငံရေး ခံယူမှုယုံကြည်ချက်နှင့်
မျှော်မှန်းချက်ကိုမူ စစ်အာဏာ ရှင်များက ဘယ်သော အခါမှ ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်နိုင်ခြင်းမရှိခဲ့ချေ။
အကြောင်းမှာ ဖက်ဒရယ် ဒီမိုကရေစီ တည်းဟူသည့် မျိုးစေ့သည် မြန်မာနိုင်ငံ တဝှမ်းလုံးရှိ ပြည်သူများ၏
အသက်သွေး စိတ်နှလုံးတွင် အမြစ်တွယ် ရှင်သန်နိုးကြား နေသောကြောင့် ဖြစ်ပါသည်။



ဖက်ဒရယ်ဒီမိုကရေစီဟူသည့် အလင်းကို အမှောင်ချ၍မရ။
ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ဖမ်းဆီး ချုပ်နှောင်၊ အဆုံးသတ်စီရင်၍မရ။
အတုအရောင်ဖြင့် အစားထိုး လှည့်ဖြား၍မရ။ ဖျက်စီး စွန့်ပစ်၍မရ။
ဤသို့ဆိုလျှင် အာဏာသိမ်းစစ်အုပ်စုသည် မိမိတို့၏ ရန်သူတည်းဟူသော ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို
တားမြစ်ဖျက်ဆီးရန် ကြိုးစားအားထုတ်မှုတွင် အောင်မြင်မှုမရှိ၊
ရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်ရမည့် ကိန်းဆိုက်ရောက်နေသည်။
၂။ အကြမ်းမဖက် လူထုအခြေပြုမနာခံမှု လှုပ်ရှားမှု (CDM)
ပြည်သူများက ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားလာရေးအတွက် အကြမ်းမဖက် လူထုအခြေပြု မနာခံမှုလှုပ်ရှားမှု
(Civil Disobedience Movement) နည်းဗျူဟာကို အသုံးပြု၍ စစ်အာဏာရှင်ကို တော်လှန်ကြသည်။
CDM ၏ ပြင်းထန်သည့် ထိုးနှက်ချက်ကို အာဏာသိမ်း စစ်ကောင်စီ အလူးအလဲ တောင့်ခံနေကြရသည်။
ပြည်သူလူထု၏ CDM လှုပ်ရှားမှုသည် အာဏာ သိမ်းစစ်အုပ်စု၏ အရှိုက်တည့်တည့် ထိမှန်ခဲ့သည်






CDM လှုပ်ရှားမှုသည် ပြောင်းလဲမှု့ ဖြစ်ပေါ်လာစေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် တီထွင် ဖန်တီးမှုဆိုင်ရာ နည်းလမ်းများကို အသုံးပြုပြီ
း နည်းအမျိုးမျိုးဖြင့် ဆန္ဒပြခြင်း၊ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်း၊
အာဏာဖီဆန်ခြင်းနှင့် အကြမ်းဖက် စစ်အင် အားစုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခြင်းဖြစ်သည်။
ထို့အပြင် CDM လှုပ်ရှားမှုတွင် ကိုယ်နှင့်ရပ်တည်ရန် သူတပါးကို ဖိတ်ခေါ်ခြင်းတို့လည်းပါဝင်သည်။



အကြမ်းမဖက် လူထုမနာခံမှု နည်းဗျူဟာသည် အာဏာသိမ်း စစ်အုပ်စုကို တော်လှန်ရာတွင် ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်သည့် နည်းလမ်းဖြစ်သည်။
ထိုမျှမက ၎င်းနည်းဗျူဟာသည် တိုင်းပြည်၏ အာဏာသည် ပြည်သူများကသာ ပိုင်ဆိုင်ကြောင်းကို သက်သေပြသရာတွင်လည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။
ထို့အပြင် စစ်တမ်းများအရ အကြမ်းမဖက် လူထုအခြေပြု မနာခံမှု လှုပ်ရှားမှု နည်းလမ်းသည် တော်လှန်ရေး တွင်
အောင်မြင်မှုရရှိရန် အလားအလာအရှိဆုံး နည်းလမ်းဖြစ်ပါသည်။



သို့ဖြစ်၍ အကြမ်းမဖက် လူထုအခြေပြုမနာခံမှု လှုပ်ရှားမှု (CDM) ကို ရပ်တန့်၍ မရ။
ယင်းလှုပ်ရှားမှုကို ခုခံနိုင်စွမ်းရှိသည့် မည်သည့်ပုံစံနှင့်မဆို ဆက်လက်ရှင်သန် ကြီးထွားစေရပါမည်။
၂၁ ရာစု၏ နည်းပညာကြွယ်ဝ တိုးတက်မှု၊ လူငယ်တို့၏ သင်ယူမှုမြန်ဆန်မှုနှင့် လှုပ်ရှားမှု၊
ပြည်သူတို့၏ ဖက်ဒရယ် ဒီမိုကရေစီ အိမ်မက်ဖော်ဆောင်လိုမှုအား ပြင်းထန်မှုတို့သည် တနေရာ တချိန်တည်းတွင်
စုစည်းပေါင်းစပ်မှုက အာဏာရှင်စစ်အုပ်စုကို ထိတ်လန့်တုန်လှုပ် ခြောက်ခြားစေပါသည်။
ယင်း အခြေအနေသည် အာဏာရှင်တို့၏ နေဝင်ချိန် (သို့) နိဂုံး အတိတ်နိမိတ်ကို ဖော်ပြနေခြင်းပင်ဖြစ်သည်။
<၃။ ပြည်သူ့ကာကွယ်ရေးတပ်
<အာဏာသိမ်းစစ်အုပ်စုသည် လက်နက်အားကိုးကာ အများပြည်သူကို မတရား ညှင်းပန်း နှိပ်စက်၍ အသက်စည်းစိမ်ကိုပါ ထိခိုက်သတ်ဖြတ်နေပါသည်။
ပြည်သူများကို အလွယ်တကူ နိုင်လိုမင်းထက် ပြုခြင်းမှ ကာကွယ်နိုင်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့်
ပြည်သူ့ကာကွယ်ရေးတပ်ကို အနယ်နယ်အရပ်ရပ်တွင် ဖွဲ့စည်းတည်ထောင်ကြသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (National Unity Government) ကလည်း မေလ ၅ ရက် ၂၀၂၁ ခုနှစ် နေ့စွဲပါ ကြေညာချက်တွင်
ပြည်သူ့ကာ ကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အတည်ပြုကြေညာသည်။
ရည်ရွှယ်ချက် များအနက် တခုမှာ ပြည်သူ့ကာကွယ်ရေးတပ်မှသည်
ပြည်ထောင်စု ဖက်ဒရယ် တပ်မတော်ကြီးကို ထူထောင် တည်ဆောက်ရန်ဖြစ်သည်။



<အာဏာသိမ်းစစ်အုပ်စု၏ လူမဆန်သည့် ရက်စက်မှုများနှင့် သတ်ဖြတ်မှုတို့က ပြည်သူများကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းမှသည် လက်နက်ကိုင်တော်လှန်ခြင်းဆီသို့ အရောက်ပို့ ပေးလိုက်ခြင်း ဖြစ်ပါသည်။
မိမိတို့၏ အကြမ်းဖက် ရက်စက်မှုက ပြည်သူတို့အား အကြောက်တရားပေးလိမ့်မည်ဟု
အာဏာသိမ်းစစ်အုပ်စုက ထင်မှတ်မျှော်လင့် ခဲ့ဟန်တူသည်။
လက်တွေ့တွင်မူ ပြည်သူများသည် မိမိတို့၏ အသက်စည်းစိမ်ကို ထိပါးလာပါက မိမိကိုယ်ကို ကာကွယ်ရန်
လက်နက်ကိုင်တော်လှန်တော့ မည်ဟု သန္နိဋ္ဌာန်ချပြီးဖြစ်သည်။



လက်နက်ကိုင်တော်လှန်မှုသည် ကလေးမြို့မှ စတင်ခဲ့ပြီး ယခုဆိုလျှင် မြန်မာနိုင်ငံရှိ ပြည်နယ် နှင့်တိုင်းဒေသ အသီးသီးတွင် အာဏာသိမ်းစစ်အုပ်စုကို လက်နက်ကိုင်တော်လှန်သည့် တိုက်ပွဲများသည် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေပြီ ဖြစ်ပါသည်။
အာဏာသိမ်းစစ်အုပ်စုသည် အကြမ်းမဖက် လူထု အခြေပြုမနာခံမှု လှုပ်ရှားမှု (CDM)၏ ကြီးမားသည့်စိန်ခေါ်မှုကို ဖြေရှင်း တုံ့ပြန်နိုင်ရန်
အပတ်တကုတ် ကြိုးပမ်းဆောင်ရွက် နေရသည့်ချိန်တွင် မိမိတို့ ကြိုတင်တွက်ချက် မထားသည့် ပြည်သူ့လက်နက်ကိုင် တော်လှန်ရေးဟူသည့် ကြီးမားသည့်ပြဿနာက တံခါးဝတွင် စောင့်လျှက်ရှိနေသည်။
ပြည်သူ့ လက်နက်ကိုင် တော်လှန်ရေးသည် အာဏာသိမ်းစစ်အုပ်စုအတွက် ဆူးငြောင့်ခလုတ် ဖြစ်လာပြီး
ရှည်ရွှယ်ချက် ခရီးမဆက်နိုင်ရန် တားဆီးမည့် အဟန့်အတားကြီးတစ်ခုဖြစ်သည်။
ဤသို့ဆိုလျှင်
အာဏာသိမ်း စစ်အုပ်စု၏ နေဝင်ချိန်ခရီး မဝေးတော့ချေ။
အချုပ်ဆိုရလျှင် ပြည်သူတို့၏ နှလုံးသားတွင် ဖက်ဒရယ်ဒီမိုကရေစီ ရှင်သန်နိုးကြားနေခြင်းက အာဏာသိမ်းစစ်အုပ်စုသည် အမှန်တရားကို အမှောင်ချ၍မရနိုင်ကြောင်းကို ပေါ်လွင်ထင်ရှားစေပြီး
၎င်းတို့၏ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာသည့် ဖက်ဒရယ်ဒီမိုကရေစီ ကွယ်ပျောက်ရေး စီမံကိန်း လုပ်ငန်းစဉ်ကို အောင်မြင်မှု အလျှင်းမရှိဘဲ လက်လွှတ် အဆုံးသတ်ရတော့မည်။
ထို့ပြင် အကြမ်းမဖက် လူထုအခြေပြု မနာခံမှု လှုပ်ရှားမှု (Civil Disobedience Movement) နှင့် ယင်းကို တွဲဖက်အားဖြည့် ထားသည့် မိမိကိုယ်ကို ကာကွယ်ရန်
လက်နက်ကိုင်တော်လှန်သည့် လှုပ်ရှားမှုသည် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ နေဝင်ချိန်ကို
သတ်မှတ်ပေးလိုက်သည့် တော်လှန်ရေး ပင်မစက်ယန္တရားကြီး ၂ ခုပင်ဖြစ်သည်။



(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင်
နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။
credit