Local News

သားလေးရဲ့အလောင်းကို ပြန်မရဘဲ စျာပနာပြုလုပ်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ ပြန်လာမလားလို့ စောင့်နေခဲ့တဲ့ ကျဆုံးသူကိုမျိုးဟိန်းကျော်ရဲ့ မိခင်

လက်ရှိအခြေအနေကြောင့် ကျဆုံးသွားရတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေကတော့ အခုချိန်ထိ ၊

သူတို့ရဲ့သွေးသားရင်းတွေကို လွမ်းဆွေးနေရတာဖြစ်ပါတယ်။

မိဘတွေအနေနဲ့လည်း ရင်နှစ်သည်းခြာ သားသမီးတွေကိုဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတတ်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

မတ်လ (၂၂)ရက်နေ့၊ညနေပိုင်းက မန္တလေးမြို့၊အောင်ပင်လယ်ရပ်ကွက်မှာ ကျည်ထိမှန်ပြီး ကျဆုံးခဲ့တဲ့ ကိုမျိုးဟိန်းကျော်ရဲ့ မိဘတွေကတော့ သားလေးကို အိမ်ပြန်ရောက်လာမလားလို့ စောင့်နေကြဆဲဖြစ်ပါတယ်။

ကိုမျိုးဟိန်းကျော်ရဲ့ ရုပ်အလောင်းကိုလည်း ပြန်မရတာကြောင့် စျာပနာကို ဒီအတိုင်းပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ကိုမျိုးဟိန်းကျော်ရဲ့မိခင်က သားလေးကိုသတိရလို့ ရင်ထဲကစကားတွေကို စာလေးနဲ့ချရေးထားတာဖြစ်ပါတယ်။

မိခင်ဖြစ်သူကတော့ သူမရဲ့သားက ညကြီးသန်းခေါင်ပြန်ရောက်ရင် ထမင်းပွဲအုပ်ဆောင်းလှန်တတ်လို့ ခင်ပွန်းဖြစ်သူကို အမြဲပိုချက်ခိုင်းနေတာဖြစ်ပါတယ်။

ကိုမျိုးဟိန်းကျော် ရှိစဉ်အချိန်တုန်းကဆိုရင် အမေနဲ့အစ်မဖြစ်သူကို အမြဲစနောက်တတ်လို့ အခုတော့ လွမ်းစရာလေးတွေ ကျန်ခဲ့တာဖြစ်ပါတယ်။

ကိုမျိုးဟိန်းကျော် မွေးထားတဲ့ခွေးလေးကိုလည်း ဖခင်ဖြစ်သူက ထမင်းကျွေးရင်း မျက်ရည်တွေကျနေရှာတယ်လို့စာထဲမှာရေးသားထားတာဖြစ်ပါတယ်။

ကျန်ရစ်သူမိသားစုဝင်တွေကတော့ သားလေးကို သတိရတိုင်း ဓာတ်ပုံလေးတွေပြန်ကြည့်ပြီး

ဖြေသိမ့်နေရတာပဲဖြစ်ပါတယ်။မိဘတွေခမျာ မိမိတို့ရဲ့သားလေးကို ဘယ်တော့အိမ်ပြန်လာမလဲဆိုပြီး မျှော်လင့်ချက်လေးနဲ့စောင့်နေရှာတာဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် မိသားစုအသိုက်အမြုံလေးတွေကွဲကွာနေရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit