လူ့သဘောကို နောကျေသူ ဘီအီးဒီအောင်သိုက်
ဘီအီးဒီအောင်သိုက် ဆိုသည်မှာ ဇာတ်ဆရာ၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ ဟူသည့် ဂုဏ်ပုဒ်များဖြင့် မသိသူ မရှိလောက်အောင် ထင်ရှားခဲ့သော အနုပညာရှင်ကြီး ဖြစ်သည်။
သဘင်လောကမှာ “ဘီအီးဒီအောင်သိုက် ဇာတ်ပွဲ” ကျော်ကြားခဲ့သလို ကက်ဆက်ဇာတ်လမ်းမှာလည်း သရုပ်ဆောင် ဒါရိုက်တာ အဖြစ် အောင်မြင်ခဲ့သည်။
မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားလေ့ရှိသည့် စာရေးဆရာလည်း ဖြစ်သည်။ သူ၏ ဆောင်ပုဒ်ကား “မည်သူ့ကိုမှ အထင်မကြီးတတ်သလို မည်သူ့ကိုမှလည်း အထင်မသေးတတ်ပါ” ဟူ၏။
သဘင်ဆောင်းပါးများ ရေးသားသည့် အယ်ဒီတာ ကိုအေးကြူလေးနှင့် ပတ်သက်၍ သူနှင့် စတင် သိကျွမ်းခွင့် ရသည်။
နောက်ပိုင်းမှာ သရုပ်ဆောင် ဒါရိုက်တာ ဦးမြတ်လေး၏ လေးနဲ့အပေါင်း ရုပ်ရှင်ကုမ္ပဏီ ရုံးခန်းတွင် မကြာခဏ ဆုံမိကြကာ ပိုမို ရင်းနှီးခဲ့ကြသည်။
သူက ဦးမြတ်လေးကို ရုပ်ရှင် အတတ်ပညာပိုင်းနှင့် ပတ်သက်၍ တလေးတစား မေးမြန်း ဆွေးနွေးတတ်သည်။ သူတို့နှစ်ဦး ညီအစ်ကိုလို သံယောဇဉ် ရှိကြသည်။
ကိုအောင်သိုက်က ရန်ကုန်တိုင်း ပတ်ဝန်းကျင်တွင် သူဇာတ်ကနေသည့် အခါမျိုး၌ မနက်ဆိုလျှင် သူစီးနေကျ ဒတ်ဆန်းကား အနီရောင်လေးဖြင့် ဦးမြတ်လေးထံ ရောက်လာတတ်သည်။ သူသည် ရောက်ရာ ဒေသတွင်လည်း စာပေသမားများ ရှိရာသို့ သွားတတ်သူ ဖြစ်သည်။
ကိုအောင်သိုက်၏ အကျင့်တစ်ခုမှာ ကောင်းပေ့ဆိုသည့် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များသို့ သွားရောက် စားသောက်လေ့ရှိခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ဘယ်ထမင်းဆိုင် ကောင်းသည်၊ ဘယ်လက်ဖက်ရည်ဆိုင် ကောင်းသည်ကို သူသိသည်။ နောက် သူသည် ဟန်မဆောင်တတ်၊ လောကွတ် မလုပ်တတ်ပေ။
လူတစ်ယောက်ကို ကျွေးချင်လျှင် တစ်ခါတည်း ခေါ်ကျွေးသည်၊ စားမလား သောက်မလား ဆိုသည့် လောကွတ်မျိုး မမေးချေ။ ကျွန်တော့်ကို လာလိုက်ခဲ့ပါဦး ဆိုကာ သူ့ကားပေါ် ခေါ်တင်သွားရာ ထမင်းဆိုင်ရောက်မှ ထမင်းကျွေးဖို့မှန်း သိရသည်။ ထိုသို့ သူကျွေး၍ စားဖူးသည်မှာ လေးငါးခါ ဖြစ်သည်။
ရန်ကုန်မြို့ပန်းဆိုးတန်းတွင် ရွှေမင်းသား လက်ဖက်ရည်ဆိုင်နှင့် ကိုတင်လှိုင်ဆိုင်တို့ ရှိခဲ့ပြီး ရုပ်ရှင် လောကသားများ၊ စာရေးဆရာများ၊ စာနယ်ဇင်း သမားများ၊ အဆိုတော်များနှင့် စည်ကားနေတတ်သည်။
ထိုဆိုင်များ၌ ကိုအောင်သိုက် လက်ဖက်ရည်သောက်ရင်း ထိုင်လေ့ရှိသည်။ သူခင်မင်သော သူတစ်ယောက် ခပ်လှမ်းလှမ်းမှ လာတာတွေ့သည်နှင့် လက်ဖက်ရည်၊ ကော်ဖီ စသည်ဖြင့် ထိုသူ သောက်လေ့ ရှိသည့်အတိုင်း မှာထားတတ်သည်။
ရောက်လာသည်နှင့် ဒါနလေး ဖြစ်သွားအောင် သောက်သွားပါဦး ဆိုကာ ခေါ်၍ တိုက်တော့သည်။ ထိုသို့ မှတ်ဉာဏ် ကောင်းသလို သဒ္ဓါစိတ်လည်း ထက်သန်သူ ဖြစ်သည်။
တစ်နေ့ ကိုအောင်သိုက်က မေးသည်။
“ကိုအောင်ဟိဏ်း အားသလား”
“ဟုတ်ကဲ့၊ ကျွန်တော် အားပါတယ်”
“ကျွန်တော် ကိုနီလွင် (သပြု) နဲ့ တွေ့ချင်တယ်ဗျာ၊ ကူညီနိုင်မလား”
“ရပါတယ်၊ သူက ကားရိုက် မပြတ်ဘူး။ သူဘယ်မှာ ရိုက်နေလဲ ဆိုတာ သွားစုံစမ်းလိုက်ဦးမယ်”
ကျွန်တော် ၃၅ လမ်း ဗီဒီယိုတန်းမှာ သွားစုံစမ်းသည်။ မကြီးကြီးလမ်း၊ ခြံနံပါတ် ၇ မှာဟု သတင်းရခဲ့သည်နှင့် ကိုအောင်သိုက်ကို ပြောပြရာ ထိုနေရာကို သူမသိ ဆိုသဖြင့် ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးဖြစ်သည်။
ရောက်တော့ ကိုအောင်သိုက်က အိမ်အပြင်မှာ နေခဲ့သည်။ ကျွန်တော်က ကိုနီလွင်နှင့် အလွန် ရင်းနှီးသော သူငယ်ချင်း ဖြစ်သောကြောင့် ရိုက်ကွင်းထဲသို့ ဝင်ချသွားသည်။ ရိုက်လက်စ မပြီးသေး၍ ခဏ ရပ်စောင့်နေရသည်။
ပြီးသည်နှင့် “ကိုနီလွင် မင်းကို ကိုအောင်သိုက်က တွေ့ချင်လို့တဲ့၊ အပြင်မှာ စောင့်နေတယ်” ပြောလိုက်ရာ
“အော်… ဟုတ်ကဲ့ ဟုတ်ကဲ့” ဆိုကာ ရိုက်ကွင်းထဲမှ ကိုနီလွင် ထွက်လာသည်။ ကျွန်တော်က သူ့အိတ်ကပ်ထဲက စီးကရက်ဘူးကို နှိုက်ယူကာ တစ်လိပ် မီးညှိ သောက်လိုက်ပြီး ဘူးကို ပြန်ပေးလိုက်သည်။ ထို့နောက် ကိုအောင်သိုက်နှင့် အလုပ်ကိစ္စ ပြောပြီး ကျွန်တော်တို့ ပြန်လာကြသည်။
လမ်းမှာ ကိုအောင်သိုက်က ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက် ထပြောသည်။
“ကိုအောင်ဟိဏ်း ခင်ဗျား စာရေးကောင်းပါလျက်နဲ့ ဆင်းရဲနေရတဲ့ အကြောင်းရင်းကို အခုမှ သိတယ်”
သူ့ရဲ့စကားကြောင့် အံ့အားသင့်သွားပြီး မေးမိသည်။
crd