မန္တလေးမြို့ရဲ့ သစ်ပင်ကြီးများကို တစ်ချိန်က ရည်ရွယ်ချက်ရှိရှိ စိုက်သွားပေးခဲ့တဲ့ တစ်ကိုယ်တော် ပရဟိတသမားကြီး တစ်ယောက်မန္တလေးမှာ အရိပ်အာဝါသ ကောင်းမွန်လှသော သစ်ပင်များကို တစ်ချိန်က ရည်ရွယ်ချက်ရှိရှိ စိုက်သွားပေးခဲ့တဲ့ တစ်ကိုယ်တော် ပရဟိတသမားကြီး တစ်ယောက် မန္တလေးမြို့မှာ ရှိခဲ့ဖူးပါတယ်။အဲ့ဒီလူကတော့ အခြားမဟုတ်။ မန္တလေးမြို့မှာ သစ်ပင်များကို ဆိုက်ကားတစ်စီးနဲ့ လှည့်လည်စိုက်ပျိုးခဲ့သူ “ဆိုက်ကားသမားကြီး ဦးငွေ” ပဲ ဖြစ်ပါတယ်။သစ်ပင်ဒါယကာ ဦးငွေကိုတော့ အဘ ဦးစံညွှန့်၊အမိ ဒေါ်စံမှီတို့က (၁၉၁၄) ခုနှစ် ဒီဇင်ဘာ ၂၃ရက်နေ့မှာ ငါန်းဇွန်မြို့တွင် မွေးဖွားခဲ့ပါတယ်။မန္တလေးမြို့၊ ၈၄လမ်းနှင့် ၈၅လမ်းကြား၊ ၃၄လမ်းနှင့် ၃၅လမ်းကြား ဦးလှသိန်း ဗိမာန်အရှေ့ဘက် တောင် ကြယ်ခတ်ဝင်း အိမ်အမှတ် ၂၉၃/၁ရ မှာ နေထိုင်ခဲ့ပြီး ဆိုက္ကားနင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပီး မိသားစုတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
ဦးငွေဟာ သူ့ရဲ့ မြို့ကလေးကနေ တစ်ဝမ်းတစ်ခါးအတွက် မန္တလေးမြို့ပေါ်တက်ပီး အလုပ်လုပ်ခဲ့ရပါတယ်။ ဖြစ်ချင်တော့ ဦးငွေ မန္တလေးရောက်ပြီး မကြာမီ (၁၉၄၁) ခုနှစ် ဒုတိယကမ္ဘာစစ်မီးကြီးက မန္တလေးမြို့ကို မီးဟုန်းဟုန်း တောက်စေခဲ့တယ်။အဲ့ဒါကြောင့် မြို့ပေါ်မှာ အခြေအနေ မကောင်းတော့ ဇာတိငါန်းဇွန်မြို့ကလေးဆီကို ဦးငွေ ပြန်ပြေးလာရပါတော့တယ်။ စစ်ဘေးစစ်ဒဏ် ငြိမ်သက်သွားတော့ ဦးငွေ မန္တလေးမြို့ပေါ် ပြန်တက်လာတယ်။
ဒါပေမယ့် ဦးငွေ မြို့ပေါ်ပြန်ရောက်ချိန်မှာတော့ မန္တလေးက အရင်မန္တလေး မဟုတ်တော့ပီ။ အရှေ့မှာ ရှမ်းရိုးမတောင်တန်းကြီးက ငေါငေါကြီး ပေါ်နေပီး အနောက်ကို ပြန်လှည့်လိုက်ပြန်တော့ စစ်ကိုင်း မင်းဝံတောင်တစ်ရိုးက ငေါင်စင်းစင်းကြီး မြင်နေရပြန်တယ်။အိုးအိမ် တိုက်တာတွေကလည်း မီးလောင် ပြာကျသွားခဲ့ပြီ။ မန္တလေးဟာ လွင်တီးခေါင်တစ်မျှ ဖြစ်နေပါတော့တယ်။ မြို့အပြန်မှာ ဒေါ်သိန်းငွေနဲ့ အိမ်ထောင်ကျလာတဲ့ ဦးငွေတစ်ယောက် မိန်းမနဲ့ ကလေးတွေအတွက် ဆိုက်ကားနင်းရင်း မြို့ပတ်ရပါတယ်။
အဲသလို မြို့ပတ်ရင်း ဦးငွေတစ်ယောက် အပူဒဏ်ကို အပြင်းအထန်ခံစားရတော့တယ်။ မောလို့ပန်းလို့မှ ခိုနားစရာ နေရာမရှိတဲ့ အခြေအနေတွေကို မန္တလေးမြို့ပေါ်မှာ ကြုံတွေ့လာရတယ်။အဲ့ဒါကြောင့် ဦးငွေဟာ လွင်တီးခေါင်ပြင် မန္တလေးမှာ သစ်ပင်တွေ စိုက်ချင်စိတ် တဖွားဖွား ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဦးငွေဟာ မြို့အနှံ့လှည့်ပီး သစ်ပင်စိုက်ဖို့ စီစဉ်ပါတော့တယ်။
သစ်ပင်စိုက်မယ် ဆိုပေမယ့် အဲ့ဒီအချိန်က အခုလို ပျိုးခြံ အရောင်းခြံတွေ ကောင်းကောင်း ရှိသေးတာမဟုတ်ဘူး။ တကယ်လို့ ရှိခဲ့ရင်တောင် ဦးငွေလို အခြေခံလူတန်းစား ဆိုက်ကားသမားတစ်ယောက် အတွက်တော့ ဝယ်ယူစိုက်ပျိုးနိုင်မှာလည်း မဟုတ်ပါဘူး။အဲ့ဒါကြောင့် ဦးငွေဟာ သစ်ပင်တွေရှိတဲ့ဘက်ကို လိုက်ပီး မျိုးစေ့တွေ ကိုယ်တိုင် လိုက်ကောက်ရတယ်။ သူတို့နေထိုင်တဲ့ တောင်ကြယ်ခတ်ဝင်းထဲက ရေတွင်းလေးနားမှာ သစ်ပင်လေးတွေကို ပျိုးယူခဲ့တယ်။
မနက် လေးနာရီလောက် အိပ်ရာက ထတယ်။ အသံအကျယ်ကြီးနဲ့ ဘုရားဝတ်ပြုပြီး ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်နဲ့ ဝင်းတံခါးစောင့်နတ်တွေကအစ မေတ္တာပို့တယ်။ ပြီးတာနဲ့ သူ့ကိုယ်ပိုင် ဆိုက်ကားပေါ် ရေပုံးတွေတင်၊ တံမြက်စည်းတွေ၊ ဓားတွေ တင်တယ်။ပေါက်ပြား၊ တူရွင်းတွေလည်း ပါတာပေါ့။အဲ့ဒီနောက် ပျိုးပင်လေးတွေကို ဆိုက်ကားပေါ်တင်ပီး မြို့အနှံ့လှည့်ကာ သစ်ပင် စိုက်ပါတော့တယ်။ ဦးငွေက စိုက်ပြီးတဲ့ သစ်ပင်တွေကို ဝါးခြံလေး ခတ်ပေးတယ်။ တိရစ္ဆာန်တွေ ဖျက်ဆီး မသွားနိုင်အောင်လို့လဲ ဆူးကိုင်းလေးတွေ ကပ်ထားတယ်။
အဲ့ဒီနောက် မြေအိုးလေးတွေကို သံမှိုသေးသေးနဲ့ ဖောက်ပီး ရေအပြည့်ဖြည့်ကာ သစ်ပင်ရေရအောင် စီမံခဲ့တယ်။ စိုက်ပျိုးပီးတဲ့ သစ်ပင်များကိုလည်း နေ့စဉ် နီးစပ်ရာချောင်းနဲ့ ရေတွင်းများဆီကနေ ရေကို သယ်ယူပီး ရေလိုက်လောင်းတယ်။ပီးရင် ပါလာတဲ့ တံမြက်စည်းနဲ့ လမ်းပေါ်က သစ်ရွက်တွေ လိုက်လံလှည်းကျင်းတာပေါ့။ လမ်းပေါ်ရောက်လာတဲ့ ကိုင်းဖျားကိုင်းနားတွေကိုလည်း လမ်းသွားလမ်းလာ ကားတွေနဲ့လွတ်အောင် အမြဲခုတ်ပေးတတ်တယ်။
သစ်ပင် အကိုင်းကြီးမျိုးဆို ခုတ်ပြီး အလကား လွှင့်မပစ်တတ်ပြန်ဘူး။သစ်ပင်အောက်မှာ လမ်းသွားလမ်းလာတွေ ထိုင်လို့ရအောင် ခုံတန်းလေးတွေ လုပ်ပေးထားပြန်ပါတယ်။ဒါတင်မကသေးပါဘူး။ သူစိုက်ထားတဲ့ သစ်ပင်အောက်မှာ သူရိုက်ပေးတဲ့ ခုံပေါ်ထိုင်ရင်း အမောပြေသောက်ဖို့ ရေအိုးစင်လေးများလည်း တည်ပေးထားတတ်ပြန်ပါသေးတယ်။
ဦးငွေဟာ သူတင် သစ်ပင်စိုက်ရုံနဲ့ အားမရဘူး။ သူမွေးထားတဲ့ သားသမီး ခုနစ်ယောက်(သမီးသုံးဦးနှင့် သားလေးဦး) ကိုလည်း သူ့လို သစ်ပင်စိုက်ဖြစ်အောင် ဝါသနာမျိုးစေ့တွေ ချပေးပြန်ပါတယ်။သားသမီးတစ်ယောက်ယောက်ရဲ့မွေးနေ့မျိုးဆို ဦးငွေက သစ်ပင်လေးတစ်ပင် လိုက်စိုက်ပေးပီး မွေးနေ့လက်ဆောင် ပေးတတ်ပါတယ်။ အဲဒီလို နေ့မျိုးဆို ရှိတဲ့သားသမီးအကုန် ဆိုက်ကားပေါ် တင်တယ်။
ရှေ့ကဘောင်တန်းပေါ်မှာ တစ်ယောက်၊ နောက်က ကယ်ရီယာပေါ်မှာ တစ်ယောက်၊ ဘေးက ဆိုက်ကားပေါ် သစ်ပင်စိုက် ပစ္စည်းတွေကြား နှစ်ယောက်၊ သုံးယောက် ပြုံတင်ကာ လူပဒေသာပင်ကြီးနဲ့အတူ သစ်ပင်စိုက်ထွက်တယ်။ ဆိုက်ကားနဲ့ မဆံ့တော့တဲ့ ကလေးတွေကျတော့ စက်ဘီးလေးတွေစီးကာ လိုက်ခိုင်းတယ်။ကလေးတွေကို သစ်ပင်စိုက်ဖို့ မြေကျင်းတူးပေးရတာမျိုး၊ ရေဆွဲပေးရတာမျိုး ကူညီစေခဲ့တယ်။ နောက်ပြီး သစ်ပင်သစ်ကိုင်း ချိုင်မယ်ဆိုရင် လမ်းသွားလမ်းလာတွေ ထိခိုက်မှု မရှိအောင် ဝါးလုံးတစ်လုံးပေါ် ပုဆိုးတစ်ထည် ချည်နှောင်ပီး သားသမီးတွေကို ကိုင်ဆောင်ထားခိုင်းခဲ့တယ်လို့ ဦးငွေသားသမီးများက ဆိုကြပါတယ်။
ဦးငွေက သစ်ပင်စိုက်ဖို့ရာ သားသမီးတင်လား ဆိုတော့ မဟုတ်ပါဘူး။ ဦးငွေ သားသမီး ခုနစ်ယောက်ရှိတဲ့အနက် အိမ်ထောင်ကျပြီး သားသမီးများရဲ့ သမက်များ၊ ချွေးမများကိုလည်း သားသမီးများလိုပဲ မွေးနေ့မွေးရက်များမှာ သစ်ပင်လေးတွေ စိုက်ပေးတတ်ပြန်ပါသေးတယ်။သစ်ပင်များစွာ ပျိုးနေရတာမို့ သစ်ပင်ပျိုးလို့ရတဲ့ အိုးအကွဲလေးတွေ ဘူးခွံ အဟောင်းလေးတွေဆိုရင် သားသမီးများရော သား၊ သမက်၊ ချွေးမများကိုပါ အချိန်မရွေး နေရာမရွေး သွားကောက်ခိုင်းတတ်ပါတယ်။
ငယ်တဲ့ ကလေးတွေကတော့ အိုးစုတ်ခွက်စုတ်တွေ လိုက်ကောက်ရတာရှက်ကြတာပေါ့။ အဲ့ဒါမျိုးဆို ဦးငွေက တစ်ခွန်းပဲ ပြောလိုက်တယ်။ကုသိုလ်တွေ ရတာ။ ခိုးစားတာမဟုတ်ဘူးတဲ့။ဦးငွေက ၈၄ လမ်း မီးပွိုင့်နားလောက်ကနေ ဟိုးအနောက်ဘက် ဂေါဝိန်နဲ့ သင်္ဘောကျင်းတွေဘက်ထိ သစ်ပင်တွေ စိုက်တယ်။အဲသည်နေရာတွင်သာမက ဘုရားကြီးနား၊ အမှတ်(၆)ကားဂိတ်၊ ကျုံးတောင်ဘက်တစ်လျှောက်၊ ရွှေကျီးမြင်ဘုရား၊ ပေါက်မြိုင်၊ ဖာသာလဖုန်းကျောင်း အစရှိတဲ့ နေရာတွေမှာလည်း သစ်ပင်တွေ စိုက်ခဲ့ပါတယ်။
ဦးငွေက အရိပ်အာဝါသ ကောင်းမွန်စေမယ့် သစ်ပင်တွေကို ဦးစားပေးစိုက်ပါတယ်။ ကုက္ကို၊ တမာ၊ ထနောင်း၊ မည်စည်၊ ဗာဒံ၊ ခရေ၊ တည်ပင်၊ ညောင်ပင်တွေ ပေါ့။ ဒါ့အပြင် ပန်းသပြေ၊ စိန်ပန်း၊ သရက်၊ မဲဇလီ၊ သစ်ဆိမ့် အစရှိတဲ့ အမျိုးအစားစုံ သစ်ပင်တွေလည်း စိုက်ခဲ့ပါတယ်။ဦးငွေက သူစိုက်ခဲ့တဲ့ သစ်ပင်လေးတွေ နည်းနည်းကြီးလာ၊ မာလာပြီဆိုရင် သံပြားကလေးပေါ် သဘောင်္ဆေးနဲ့ အပင်နံပါတ်မှတ်၊ စာအချို့ရေးထိုးပီး အမှတ်သညာပြု လိုက်တပ်တတ်တယ်။
ထိုသံပြားလေးပေါ်မှာ အပင်နံပါတ်နဲ့အတူ ‘‘လူထုကြီး အရိပ်ခိုဖို့ စိုက်ထားသော သစ်ပင်ပေါင်း(……) ဦးငွေကောင်းမှု၊ နတ်လူသာဓု ခေါ်စေသော်၊ သာဓု၊ သာဓု၊ သာဓု’’ ဆိုပီး ဖြစ်ပါတယ်။ဦးငွေဟာ သစ်ပင် ၅၀၀ ကို သံပြားရိုက်နိုင်ခဲ့ပြီး စိုက်ပျိုးခဲ့တဲ့ သစ်ပင်ပေါင်းဟာ တစ်ထောင်ခန့် ရှိခဲ့တယ်လို့ ဦးငွေရဲ့သားသမီးများက ပြောပြပါတယ်။ဦးငွေ သစ်ပင်စိုက်တာကို သိတဲ့သူတချို့ကလည်း ဦးငွေကို ငွေစကြေးစအနည်းငယ်ပေးပြီဆိုရင် ဦးငွေက သစ်ပင်စိုက်ရာမှာ အသုံးပြုမယ့်အကြောင်း ပြန်ပြောတတ်ပါတယ်။
တကယ်လည်း ဦးငွေက ပေးသွားတဲ့ ငွေကြေးကို အိမ်စားအိုးထဲ မထည့်တတ်ပါဘူး။ သစ်ပင်စိုက်ဖို့ လိုအပ်တဲ့ ရေအိုး၊ ရေပုံး၊ ပျိုးအိုးလေးတွေ ဝယ်ခဲ့ပါတယ်။ အဲသလို သစ်ပင်တွေစိုက်၊ ပရဟိတတွေလုပ်ခဲ့တဲ့ ဦးငွေတစ်ယောက် သူ့သစ်ပင်တွေအတွက် စိတ်ထိခိုက်ခဲ့ရတဲ့ အချိန်တစ်ခု ရှိခဲ့ဖူးပါတယ်။အဲ့ဒါကတော့ မြို့လမ်းချဲ့ဖို့အတွက် အတော်အတန် ကြီးနေပြီဖြစ်တဲ့ သစ်ပင်တွေ ခုတ်သွားတဲ့ အခါမျိုးပါပဲ။
ဒါပေမယ့် အဲ့ဒါကလည်း အများကောင်းဖို့အတွက်ဆိုတော့ ဘာမှ မတတ်နိုင်တာမို့ ဦးငွေဟာ စိတ်သာ မကောင်းပေမယ့် သစ်ပင်ကတော့ အစိုက်မပျက်ခဲ့ပါဘူး။ အသက်(၇၀) ကျော်သည်အထိ သစ်ပင်တွေ ကို သူ့ကိုယ်ပိုင် ဆိုက်ကားနဲ့ လိုက်လံ စိုက်နေခဲ့တုန်းပါပဲလို့ ဦးငွေရဲ့သားသမီးများက ဆိုကြပါတယ်။ဦးငွေက သူ မကွယ်လွန်မီမှာ ဇနီးဖြစ်သူ ဒေါ်သိန်းငွေနဲ့ သားသမီးများ၊ သမက်များ၊ ချွေးမများကိုခေါ်ပီး သူကွယ်လွန်ရင် ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ်သို့ လှူချင်တဲ့အကြောင်း ခွင့်တောင်းလာခဲ့ပါတယ်
မိသားစုက သူ့ဆန္ဒအတိုင်းအလွယ်တကူ ခွင့်ပြုရုံသာမက ဇနီးဖြစ်သူ ဒေါ်သိန်းငွေကပင် ဦးငွေနဲ့အတူ ဆေးတက္ကသိုလ်ကို ခန္ဓာကိုယ်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဦးငွေတို့လင်မယား ဘုန်းကြီးငါးပါးပင့်ကာ သရဏံဂုံတင်ပြီး ခန္ဓာကိုယ် လှူဒါန်းခဲ့ပါတော့တယ်။မန္တလေးမြို့မှာ သစ်ပင်ပေါင်း ထောင်ချီစိုက်ခဲ့ဖူးတဲ့ ဦးငွေကတော့ ၁၉၉၀ ပြည့်နှစ်၊ အသက်(၇၆)နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဦးငွေ ကွယ်လွန်သွားပေမယ့် ဦးငွေအမှတ်တရ သစ်ပင်စိုက်ပျိုးပွဲတွေကို နှစ်စဉ် ဦးငွေမွေးနေ့ရောက်တိုင်း ဦးငွေကဲ့သို့ပင် စက်တပ်ယာဉ် မသုံးဘဲ ဆိုက်ကားတွေ ကိုယ်စီနဲ့ သစ်ပင်စိုက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့ မန္တလေးက သတင်းစာဆရာ၊ စာရေးဆရာမကြီး အမေလူထု ဒေါ်အမာကတော့ ဦးငွေကို လူသာဓု ခေါ် နတ်သာဓု ခေါ် ပုဂ္ဂိုလ်ကြီး ဆောင်းပါးနဲ့ ရေးသားဂုဏ်ပြုခဲ့ဖူးပြီး အဆိုပါ ဆောင်းပါးပါတဲ့ မန္တလေးသူ မန္တလေးများစာအုပ်အမှာထဲမှာ ဒီလို မှတ်ချက်ပြုခဲ့ဖူးသည်။
အလှူဆိုတာ ငွေကြေးဓန ရှိကြမှ လုပ်နိုင်တယ်လို့ အများအားဖြင့် ယုံကြည်ကြတယ်လေ။ ဆိုက်ကားသမားကြီး ဦးငွေကတော့ ငွေကြေးမရှိပေမယ့် စေတနာတွေ၊ မေတ္တာတွေ၊ သဒ္ဓါတွေ ရှိပါတယ်။ဒါကြောင့် သူက ပူအိုက်တဲ့ မန္တလေးမှာ အေးမြတဲ့ အရိပ်အာဝါသတွေ ပေးမယ့် သစ်ပင်တွေကို စိုက်ပြီး လှူခဲ့တယ်။ တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ သတ္တဝါအပေါင်း ဆင်းရဲကြောင်းတဲ့။
ဟစ်တလာတို့ ဘုန်းမီးနေလထွန်းပတော့ ဥရောပ တစ်တိုက်လုံး မီးလောင်ပြာကျပြီး လူတွေ အနန္တ သေကျေ ဒုက္ခရောက်ခဲ့ရတယ်။ လူ့လောကဆိုတာ ဒီလိုပုဂ္ဂိုလ်မျိုး ပေါ်ပေါက်ချင်ရင် ပေါ်ပေါက်လာတာပဲ။ဦးငွေလို ဘယ်လောက် ဆင်းရဲဆင်းရဲ၊ ဘယ်လောက် ခွန်အားမဲ့မဲ့ မေတ္တာစေတနာ ကောင်းမွန်ဖြူစင်ရင် လူတွေ အများကြီးကို ချမ်းသာသုခရအောင် လုပ်နိုင်တာပဲဆိုပြီး ဒီလိုသူတော်စင်ကြီး အကြောင်းကိုလည်း ရေးသား မော်ကွန်းတင်ခဲ့တာပါ’’လို့ ပြောကြားခဲ့ပါတယ်။
မန္တလေးမှာတော့ နွေဆိုရင် တစ်စတစ်စ ပူပြင်းလို့လာပါပြီ။ ဦးငွေ မရှိတော့ပေမယ့် ဦးငွေ စိုက်ထားသည့် ကျန်ရှိနေသေးတဲ့သစ်ပင်တွေကတော့ မန္တလေးမြို့ကို အရိပ်အာဝါသ ကောင်းစွာပေးကာ အေးမြအောင် စွမ်းဆောင်နေကြဆဲ ဖြစ်ပါတော့တယ်။
Credit