Local News

ရွှေတိဂုံကုန်းတော်ပေါ်က သင်္ချိုင်းတစ်ခုအကြောင်း

ရွှေတိဂုံကုန်းတော်ပေါ်က သင်္ချိုင်းတစ်ခုအကြောင်း

ရွှေတိဂုံ” မြန်မာနိုင်ငံသူ နိုင်ငံသားတို့ရဲ့ အထွတ်အမြတ် ထားရာနေရာ၊ မြန်မာကို ကမ္ဘာက သိစေခဲ့တဲ့ နေရာတစ်ခု၊ ဒီလို နေရာတစ်ခုဟာ တစ်ချိန်မြန်မာလူမျိုးတို့ရဲ့စက်ဆုပ်ရွံရှာဖွယ်လို့ သတ်မှတ်ခဲ့တဲ့ သင်္ချိုင်းနယ်မြေတစ်ခု ဖြစ်ခဲ့တယ်လို့ ပြောလိုက်ရင် စာဖတ်သူတို့ စိတ်အနှောက်အယှက် ဖြစ်သွားမလားတော့ မသိပါ။ဒါပေမဲ့ ဟုတ်ပါတယ်၊ ရွှေတိဂုံ ကုန်းတော်ဟာ တစ်ချိန်က သင်္ချိုင်းတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။အတိတ်ကို ပြန်ကောက်ရရင် ၁၈၂၄ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ ပထမအင်္ဂလိပ်မြန်မာ စစ်ပွဲကာလ ရန်ကုန်စစ်မျက်နှာမှာ မြန်မာတွေရဲ့သူရဲကောင်းကြီး ဖြစ်တဲ့ စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဒုလဦးဆောင်တဲ့ မြန်မာတပ်တွေနဲ့

ဗိုလ်ချုပ်ကြီးဆာအာချီဘော် ကင်းဘဲလ်ရဲ့ ဗြိတိသျှတပ်တွေ ပထမဦးဆုံးအကြိမ်နဲ့ အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့တဲ့ စစ်မျက်နှာတစ်ခု အကြောင်းကို ပြန်လည်ပြောပြရမှာပါ။အဲ့ဒါကတော့ ရွှေတိဂုံတိုက်ပွဲပါပဲ။ အဲ့ဒီနေ့ မတိုင်ခင်က စစ်သူကြီး မဟာဗန္ဒုလဟာ အနောက်ဘက် စစ်မျက်နှာဖြစ်တဲ့ ရခိုင်မှာ အင်္ဂလိပ်တွေကိုအောင်ပွဲ ဆင်နေခဲ့ပြီး

ရန်ကုန်ကိုရုတ်တရက် သိမ်းပိုက်လိုက်တဲ့ ဗြိတိသျှ တပ်တွေကြောင့် ရန်ကုန်ကို အပြင်းအထန် ချီတက်လာခဲ့ပြီး ရန်ကုန်ကို သိမ်းပိုက်ထားတဲ့ ဗြိတိသျှတပ်တွေကို ရင်ဆိုင်ဖို့ အစီအစဉ်တွေရေးဆွဲနေခဲ့ပြီးဗြိတိသျှတို့ဘက်ကလည်း နာမည်ကျော် မဟာဗန္ဒုလကို ရင်ဆိုင်ဖို့ ရွှေတိဂုံတပ်ကို အင်အားဖြည့်တင်းနေတဲ့ အချိန်ပါ။

ဒီလိုနဲ့ ၁၈၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှာတော့ မြန်မာတပ်တွေဟာ ရွှေတိဂုံဘုရား ကုန်းတော်ရဲ့ မြောက်ဘက်မုခ်မှာ တပ်စွဲထားတဲ့ အင်္ဂလိပ်တပ်ကို ရင်ဆိုင်ဖို့ မျက်နှာချင်းဆိုင် တပ်စွဲထားလိုက်ပါတယ်။ဒီဇင်ဘာလ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့တွေမှာ မြန်မာတပ်တွေရဲ့တပ်မှူး ဗိုလ်ချုပ်မဟာ မင်းလှရာဇာ ဦးဆောင်တဲ့ မြန်မာတပ်တွေဟာရွှေတိဂုံ ကုန်းတော်ကို သိမ်းပိုက်နိုင်ဖို့ သမိုင်းဝင် တိုက်ပွဲကြီးကို စတင် ဆင်နွဲပါတော့တယ်။

အဲ့ဒီတိုက်ပွဲကတော့ မြန်မာသမိုင်းနဲ့ ဗြိတိသျှတို့ရဲ့သမိုင်းစာမျက်နှာတွေမှာ အကျယ်တဝင့် ရေးထိုးခဲ့ကြတဲ့ သွေးဆေးကန် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်ဒီဇင်ဘာလ ၅ ရက် နေ့မှာတော့ ဗိုလ်မှူးဆေးနဲ့ ဗိုလ်မှူးဝေါလ်ကားတို့ဟာ ဗြိတိသျှ စစ်သည်အင်အား ၁၅၀၀ ခန့် ကို ဦးဆောင်ပြီး သွေးဆေးကန် အထိ သိမ်းပိုက်ထားတဲ့ မြန်မာတပ်တွေကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ပါတော့တယ်။

ဒီတိုက်ပွဲမှာ ဗြိတိသျှတပ်ခေါင်းဆောင် ဗိုလ်မှူးဝေါလ်ကား (Major Walker) အပါအဝင် အရာရှိ ၃ ဦးနှင့် တပ်သား ၂၄ ယောက် ကျဆုံးပြီး အရာရှိ ၁၁ ဦး နှင့် စစ်သား ၃၀၀ ခန့် ဒဏ်ရာ ရခဲ့တယ်လို့ ဗြိတိသျှဘက်က မှတ်တမ်းတွေက ဆိုပါတယ်။ဒီဇင်ဘာလ ၇ ရက် နေ့မှာတော့ သွေးဆေးကန်မှာ တပ်စွဲထားတဲ့ မြန်မာတပ်တွေဟာ ကန်ဘဲ့ကိုဆုတ်ခွာခဲ့ပါတယ်

ဒီဇင်ဘာလ ၁၅ ရက်နေ့မှာတော့ ရွှေတိဂုံ ကုန်းတော်ပေါ်က ဗြိတိသျှတပ်တွေဟာ ကုက္ကိုင်းမှာ တပ်စွဲထားတဲ့ မြန်မာတပ်တွေကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ပေမဲ့ တောတွင်းမှာ တပ်စွဲထားတဲ့ မြန်မာတပ်တွေရဲ့ နှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့မှုကြောင့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။မြန်မာတပ်တွေဟာ အင်္ဂလိပ်တွေနဲ့ ဘတစ်ပြန်

ကျားတစ်ပြန် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့လည်း လက်နက်ချင်း မမျှတာကြောင့် ရေရှည် စစ်ပွဲမှာ ရင်ဆိုင်နိုင်ခြင်း မရှိဘဲ ၁၈၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ ရန်ကုန် စစ်မျက်နှာကနေ ဓနုဖြူကိုဆုတ်ခွာခဲ့ရပါတယ်။ရန်ကုန်တိုက်ပွဲကို ရှုံးနိမ့်ပြီးသွားတဲ့နောက်မှာတော့ မြန်မာတွေဟာ နိုင်ငံရဲ့ အထွတ် အမြတ် ထားရာ ရွှေတိဂုံကုန်းတော်ကို

၁၈၂၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ ပထမ အင်္ဂလိပ် – မြန်မာစစ်ပွဲ စစ်လျော်ကြေး ပေးပြီးနောက်မှာမှ အင်္ဂလိပ်လက်ကနေ ပြန်လည်လွှဲပြောင်း ရယူခဲ့ ရပါတယ်။ဒါပေမဲ့ ဒါဟာ အပြီးအပိုင်တော့မဟုတ်သေးပါဘူး။ ဒုတိယစစ်ပွဲ၊ တတိယ စစ်ပွဲတွေကို ထပ်မံရှုံးနိမ့်ပြီးတဲ့ နောက်မှာတော့ ဗြိတိသျှတွေဟာ ရန်ကုန်တစ်မြို့လုံးကို အထက်စီးကနေ မြင်နိုင်တဲ့ ရွှေတိဂုံ ကုန်းတော်ကို ခံတပ်ကြီးအဖြစ် တည်ဆောက် တပ်စွဲ ခဲ့ကြပါတယ်။

ခံတပ်တည်ပြီး လူတွေ တင်နေခဲ့တာမဟုတ်ပါဘူး။ ရွှေတိဂုံ ကုန်းတော်ပေါ်မှာ သင်္ချိုင်းတစ်ခု ကိုပါ တည်ဆောက် ခဲ့ပါသေးတယ်။အဲ့ဒီသင်္ချိုင်းကတော့ အင်္ဂလိပ်မြန်မာစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ ဗြိတိသျှစစ်သည်တွေရဲ့ စစ်သင်္ချိုင်း ဖြစ်ပြီး ဒီစစ်သင်္ချိုင်းမှာ မြုတ်နှံထားခဲ့တဲ့ထင်ရှားတဲ့ သူတွေ ကတော့အမှတ် ၁၈ ဘုရင့် အိုင်းရစ်တပ်မှ ဒုဗိုလ် အာရ်ဒူရန် (Lt.R Doran)၊

အမှတ် ၈ မဒရပ် ခြေမြန်တပ်မှာ ဂျေအမ်တေလာ (J,M Taylor) နဲ့ ဝင်ချက်စတာ သင်္ဘောမှ ကပ္ပတိန် စီဂျီလော့ (Captain C.G Locke) တို့ ဖြစ်ပြီး၎င်းတို့ကို မြုတ်နှံထားတဲ့ နေရာကတော့ ရွှေတိဂုံဘုရား အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) မှာပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ နှစ်တွေ ကြာလာပြီးတဲ့နောက်မှာတော့ ခေတ်ပညာတွေ တတ်လာပြီး မျက်စိပွင့် နားပွင့်ဖြစ်လာတဲ့

မြန်မာတွေဟာ ၁၉၁၉ ခုနှစ် အရောက်မှာတော့ ရွှေတိဂုံ ဘုရားပေါ်မှာ တပ်စွဲထားတဲ့ ဗြိတိသျှတပ်ကို ဘုရားကုန်းတော်ပေါ်က ဖယ်ရှားပေးဖို့အပြင်းအထန် တောင်းဆို လာကြတဲ့အပြင် ဘုရားပေါ်မှာ ဖိနပ်စီးတာကို ကန့်ကွက်ခဲ့ကြပြီး ၁၉၂၀ ခုနှစ် ကျောင်းသားသပိတ်ကြီး အုံကြွလာခဲ့ပါတယ်။၁၉၂၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့ရောက်မှ ရွှေတိဂုံဘုရား

ကုန်းတော်ပေါ်မှ တပ်စွဲထားတဲ့ ဗြိတိသျှတပ်တွေဟာ ကုန်းတော်ပေါ်က စစ်သင်္ချိုင်းကို စစ်အခမ်းအနား ကျင်းပကာ ကန်တော်မင် အင်္ဂလိပ်သင်္ချိုင်းကို ရွှေ့ပြောင်းပေးခဲ့ပြီး ၁၉၂၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် နေ့မှာတော့ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ တပ်စွဲထားတဲ့ ဗြိတိသျှ စစ်တပ်ဟာ ကုန်းတော်ပေါ်က ပြန်လည် ဆုတ်ခွာသွ့ားတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗြိတိသျှတွေဟာ ရွှေတိဂုံဘုရားကုန်းတော်ကို ၁၈၂၄ ခုနှစ်ကနေ ၁၉၂၉ ခုနှစ်အထိ နှစ်ပေါင်း ၁၀၀ ကျော် ခံတပ်ကောသင်္ချိုင်းပါ ပြုလုပ်ပြီးတပ်စွဲခဲ့တာပဲဖြစ်ပါတယ်မှတ်ချက်။ ပုံမှာ ဒုဗိုလ် ဂျိုးဆက်မောလ် (Lit. Joseph More) ရေးဆွဲခဲ့သည့် ပထမ အင်္ဂလိပ် မြန်မာ စစ်ကာလ ရွှေတိဂုံ ဘုရားရင်ပြင် ပန်းချီကားဖြစ်ပြီး The Print Gallery website မှာ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ဦးနတ်ရဲ

Credit