Local News

ဝေဟင်ပစ် လက်နက်ထုတ်လုပ်ရန် ကြိုးစားနေသည့် ဒေါင်းနီအဖွဲ့(ရုပ်သံ)

ဝေဟင်ပစ် လက်နက်ထုတ်လုပ်ရန် ကြိုးစားနေသည့် ဒေါင်းနီအဖွဲ့(ရုပ်သံ)

စစ်ကိုင်းတိုင်း ၊ ကနီနယ်၌ ယမန်နေ့ ဇန်နဝါရီလ ၅ ရက်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခုတွင် ၎င်းတို့ တီထွင်ထုတ်လုပ်

ထားသည့် စိန်ပြောင်း ၊ ပုခုံးထမ်း RPG စသည့် လက်နက်ကြီး အမျိုးအစား ပုံစံ များကို စမ်းသပ် ပစ်ခတ် ပြသခဲ့သည်။

ထိုလက်နက်များကို ထုတ်လုပ်သည့်အဖွဲ့မှာ လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် ကနီနယ် အခြေစိုက် ဒေါင်းနီအဖွဲ့ ဖြစ်ပြီး အဆိုပါ

လက်နက်ကြီးနှစ်မျိုးကို အချိန် သုံးလတာ ကာလအတွင်း ယခုကဲ့သို့ ၉၀ ရာခိုင်နှုန်း အချောသတ် ထုတ်လုပ်နိုင်ခြင်း ဖြစ်ကြောင်း ဒေါင်းနီအဖွဲ့ တာဝန်ခံ တစ်ဦးက ပြောသည်။

အရင်ကတော့ လက်နက်ကြီး စထုတ်လုပ်တုန်းက အသီးတွေ မကွဲတာတို့ ၊ နောက်ကိုယ်ထည်ထဲမှာပဲ ပေါက်ကွဲတာတို့ ၊ ပစ်တဲ့သူအတွက် အန္တရာယ် သိပ်များတယ်။ ကျွန်တော်တို့ အဖွဲ့ထဲမှာ ပါတဲ့ လူငယ်တွေက ဘာကြောင့်မအောင်မြင်တာလဲ၊ အသေးစိပ် လေ့လာပြီး တစ်ဆင့်ချင်း ပြောင်းလဲ ထုတ်လုပ်လိုက်တာ၊ ခုဆိုရင် ပစ်တဲ့သူအတွက် အာအန္တရာယ်မှ မရှိတော့ဘူး အောင်မြင်ပြီလို့ ပြောနိုင်တယ် “ ဟု သူက ပြောသည်။

ထိုအဖွဲ့မှ ထုတ်လုပ်ထားသည့် အဆိုပါ လက်နက်ကြီးနှစ်မျိုးအား စစ်သင်တန်းဆင်းပွဲတွင် ယုံယုံ ကြည်ကြည် ပစ်ခတ် ပြသနေသည်ကို တွေ့ရသည်။၂၀၂၁ ခုနှစ် ဧပြီလ အစောပိုင်းတွင် ယင်းမာပင်နယ် သပြေအေးဆရာတော်ကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးရာမှ မြေပြန့်ဒေသ ခုခံကာကွယ်စစ်များ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဒေသခံများက တူမီးအနည်းငယ်၊ ဘက်ခွ(လေးခွ) နှင့် တုတ်၊ ဓါးတို့ဖြင့်သာ ခုခံ ခဲ့ကြသည်ကျွန်တော်မှတ်မိသေးတယ်။ သပြေအေးတိုက်ပွဲမှာ တုန်းကဆို အချို့က စိတ်ဓာတ် ပြင်းထန်လို့သာ တိုက်ပွဲထဲ ရောက်လာတာ ၊ လက်ဗလာနဲ့ဗျ။ တူမီးသေနတ်တောင် လူတစ်ရာမှာ အယောက် ၂၀ လောက်ပဲ ကိုင်နိုင်ခဲ့တာ “ဟု ဒေါင်းနီအဖွဲ့မှ ကိုဒေါင်းနီက ပြောသည်။

ထိုသပြေအေးတိုက်ပွဲအတွင်း ဒေသခံ လေးဦး ကျဆုံးခဲ့သည်။ ဒေသခံများ၏ ခုခံမှုကြောင့် စစ်ကောင်စီ တပ်ဘက်မှလည်း သေဆုံးမှုများ ရှိခဲ့သည်။ထိုအချိန်မှ စတင်ခဲ့သည့် တော်လှန်ရေးတိုက်ပွဲများ အချိန်ကြာလာသည်နှင့်အမျှ ဒေသ

ကာကွယ်ရေးတပ်များက လက်နက်များပါ ထုတ်လုပ် လာနိုင်ခြင်း ဖြစ်သည်မြေပြန့်ဒေသတွင် နင်းမိုင်းများ ၊ ရှေ့ထွက်မိုင်းများ ၊ ရေမြှုပ်မိုင်းများ ၊ တစ်တောင့်ထိုး သေနတ်များ၊ ခါးချိုးဗုံးသီး လောင်ချာ၊ စိန်ပြောင်းနှင့် ပုခုံးထမ်း လောင်ချာပင် ထုတ်လုပ် လာနိုင်ပြီ ဖြစ်သည်။

ဒေသခံများ၏ လက်စွမ်း ထက်လှသည့် မိုင်းဆွဲ တိုက်ခိုက်မှုနှင့် ပြောက်ကျားစစ် တိုက်ခိုက်မှု များကြောင့် အထိနာလျက်ရှိသည့် စစ်ကောင်စီတပ်သည် မြေပြန့်ဒေသ တော်လှန်ရေး စစ်မျက်နှာကို လေကြောင်း တိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်လျက်ရှိသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ၁၅ မိုင်ခန့်အကွာ နတ်ချောင်းရွာတွင် ဒီဇင်ဘာ ၂၃ ရက်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ဒေသခံ ၁၀ ဦးထက် မနည်း သေဆုံးခဲ့ရသည်။ထိုသို့ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ တိုက်ခိုက်သည်ကို ကာကွယ်ပြီး ပြန်လည် တိုက်ခိုက် နိုင်ရန် ဝေဟင်ပစ် လက်နက်များ တီထွင်နိုင်ရန် ကြိုးစားနေကြောင်း ကိုဒေါင်းနီက ပြောသည်။

“ဝေဟင်ထိ ပစ်လို့ရမယ့် လက်နက်မျိုး ကျွန်တော်တို့ တီထွင်ထားတာရှိတယ်။ ဒါပေမယ့် အောင်မြင်မှုတော့ မရသေးဘူး။ ပုခုံးထမ်းတို့ စိန်ပြောင်းတို့ ထုတ်တုန်းကလည်း အတော်တော့ ခက်ခဲခဲ့တယ်။ ပုံကြမ်းတွေ ဆွဲရတယ်။

နည်းပညာတွေ လေ့လာရတယ်။ ထုတ်လုပ်လိုက်၊ ပြန်ပြင်လိုက် အကြိမ်ပေါင်းကို မနည်းဘူး။ အချိန်လည်းယူရတယ်။ ခု ဝေဟင်ပစ် လက်နက်လည်း နောက်ထပ် နှစ်လလောက် နေရင်ရင်တော့ အောင်မြင်အောင် ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် “ဟု ကိုဒေါင်းနီက ပြောသည်။ဒေါင်းဟူသည့် သင်္ကတနှင့် ကနီနယ်ကို အစွဲပြုကာ ဒေါင်းနီဟု အမည်ပေးထားသည့် ထိုအဖွဲ့သည် အသက် ၃၀ အောက် လူငယ်များဖြင့် ဖွဲ့စည်းထားသည်။

လက်နက်များ ထုတ်လုပ်ရာတွင် ကုန်ကျသည့် စရိတ်များအား အဖွဲ့သားများက ရံပုံငွေ ထည့်သည့် အပြင် ဒေသခံ မိတ်ဖက် အဖွဲ့များကလည်း ကူညီသည်ဟု သိရသည်။

“ကျွန်တော်တို့ ဘက်ကတော့ ခုကြိုးစားနေတဲ့ ဝေဟင်ပစ် လက်နက်ကို အရင် ထုတ်လုပ်ထားတဲ့ လက်နက်ကြီးတွေလိုမျိုး ၉၀ ရာခိုင်နှုန်း အောင်မြင်အောင် ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ပြည်သူတွေ ဘက်ကလည်း ကူညီပံ့ပိုးပေးရင်တော့ ပိုပြီး မြန်ဆန် ထိရောက်တာပေါ့ဗျာ “ဟု ကိုဒေါင်းနီက ပြောသည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်အား ခုခံတိုက်ခိုက်နေသည့် ဒေသများထဲတွင် အားအကောင်းဆုံး ဒေသတစ်ခု ဖြစ်သည့်အတွက် မြေပြန့်ဒေသတွင် ပထမဆုံး လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်သည် ဆိုသော သုံးသပ်ချက်များ ရှိနေသည်။

လက်နက် ထုတ်လုပ်သည့် လုပ်ငန်းအား တစိုက်မတ်မတ် လုပ်နေသည့် ကိုဒေါင်းနီသည်လည်း ထိုသုံးသပ်ချက်နှင့် ပတ်သက်၍ “ ကနီနယ် တစ်ခုတည်း အရဆိုရင် ကနီနယ်မှာ ရှိတဲ့ တော်လှန်ရေး အင်အားစုတွေ စုပေါင်းပြီး လုပ်ရင် လွတ်မြောက်နယ်မြေ ဖြစ်လာဖို့ ဆိုတာ လက်တစ်ကမ်းမှာပဲ ရှိတယ် “ဟု သူ့အမြင်ကို ပြောသည်။

လက်ရှိအချိန်တွင် ကနီနယ် ဒေသအချို့တွင် ဒေသခံ တော်လှန်တပ်ဖွဲ့များ ဦးဆောင်ကာ ဆေးပေးခန်းနှင့် နယ်ခံ ကလေးများ၏ ပညာရေးအတွက်လည်း စီစဉ်သင်ကြားမှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

“ ကျွန်တော်တို့ တိုက်ပွဲ ဝင်နေတာကလည်း ဝင်နေတာပေါ့။ ခေတ်မကောင်းဘူး ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ညီငယ် ညီမငယ်လေးတွေ စိတ်မလေအောင် ပညာသင်ကြားရေး အစီအစဉ် လေးတွေကို CDM ဆရာ၊ဆရာမတွေနဲ့ စုပြီး စာသင်ထားတာတွေ လုပ်နေတာ ရှိပါတယ်” ဟု ကိုဒေါင်းနီက ပြောသည်။ ဝေယံမိုး- Mizzima

ရုပ်သံ – ဒေါင်းနီ DAUNG NI မှ ထုတ်လုပ်ထားသည့် လက်နက်များ ပစ်ခတ်ပြသနေစဉ်။

Credit