Local News

ကြည့်မြင်တိုင်မှ စစ်တပ်၏ လူမဆန်မှုကို လက်တုံ့ပြန်သည့်အနေဖြင့်

ကြည့်မြင်တိုင်မှ စစ်တပ်၏ လူမဆန်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် စမ်းချောင်း ရဲစခန်း၊ ခရမ်းမြို့မရဲစခန်းအပါအဝင် ရန်ကုန်မြို့ နေရာတချို့ကို တိုက်ခိုက်ခဲ့ဟု ရန်ကုန်တိုင်း PDF ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်တွင် ယမန် နေ့က စစ် အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော လူငယ်များကို အကြမ်းဖက် စစ်ကောင်စီတပ်များက လူမဆန်စွာ ကားဖြင့် တိုက်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်း တို့အတွက် “ပျံလွှားအောင်”စစ်ဆင်ရေးအနေဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ကြောင်း ရန်ကုန်တိုင်း PDF က သတင်းထုတ်ပြန်သည်။ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အမှတ် ၂၄ ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ယမန်နေ့ည ၈ နာရီဝန်းကျင်အချိန်တွင် ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရန်သူစစ်သားအချို့ သေဆုံးကာ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း သိရှိရသည်။

အလားတူ ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံတစ်ခုအတွင်း တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် ၄၀ မမ ဗုံးသီးဖြင့် ခရမ်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ ရန်သူထိခိုက် သေဆုံးမှုများ ရှိသော်လည်း အသေးစိတ်ဆက်လက်စုံစမ်းဆဲ ဖြစ် ကြောင်း သိရှိရသည်။

အလားတူ လှိုင်သာယာမြို့နယ်ရှိ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် တပ်မတော်အထည်ချုပ် စက်ရုံအနီး အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားရာနေရာများကို ပေါက်ကွဲအား ပြင်းထန်သည့် ဗုံးများ အသုံးပြု၍ နွေဦးတော်လှန်ရေးမီးတောက် (Spring Revolution Flames- SRF) အဖွဲ့က ယမန်နေ့ည ၉ နာရီခွဲအချိန်ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း၊ (ရန်သူထိခိုက် သေဆုံးမှုအသေးစိတ်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ စီးပွားရေး ဒေါက်တိုင်တစ်ခုဖြစ်သည့် OMINI FOCUS ကုမ္ပဏီပိုင် YBS 99 ယာဉ်လိုင်းသို့ အကြမ်း ဖက် စစ်ကောင်စီတပ်များ လာရောက်စဉ် အာဏာ သိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (Anti-Coup People’s Liberation Force, ACPLF) အဖွဲ့က အဝေး ထိန်း ဗုံး ၂ လုံး အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း၊ (ရန်သူထိခိုက် သေဆုံးမှု အသေးစိတ်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များအပေါ် ယခုကဲ့သို့ စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများကို “ပျံလွှားအောင်” စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆက်လက် အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တတ်နိုင်သမျှ ပံ့ပိုးကူညီခြင်း၊ ပူးပေါင်းပါဝင်ခြင်းများကို အရှိန်အဟုန် မပျက် ဆက် လက် ဆောင်ရွက်သွားကြပါရန် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က တိုက်တွန်းထားသည်။

Credit