တရုတ်နိုင်ငံ၊ Xihu ခရိုင်၊ Hongzhou မြို့မှာ နေထိုင်တဲ့ အသက် 22 အရွယ် မိန်းကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ ရည်းစားဖြစ်သူက သုံးလအတွင်းမှာ ကိုယ်ဝန်ဖျက်ချဖို့ နှစ်ခါတောင် ဖိအားပေးခဲ့လို့ပါ။
Sydney Today ရဲ့ ဖော်ပြချက်အရ Li Yingying လို့ ခေါ်တဲ့ မော်ဒယ်မလေး တစ်ယောက်က လွန်ခဲ့တဲ့ခြောက်လက ရည်းစားတစ်ယောက် ရခဲ့ပါတယ်။ Li ဟာ တစ်သီးတခြားဖြစ်နေတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာသူပါ။ သူမရဲ့ရည်းစား Pan Yue က Li ရဲ့ အမေနဲ့ အကြိမ်အနည်းငယ် တွေ့ဖူးပါတယ်။ Pan က Li ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်မယ့် အကြောင်းကို Li ရဲ့ အမေ စိတ်ချလက်ချဖြစ်ဖို့ ပြောခဲ့ပါသေးတယ်
Pan က ချမ်းသာတဲ့ အသိုင်းအဝိုင်းက သားတစ်ယောက် ဖြစ်ပေမယ့် Li က တစ်လကို ယွမ် 50000 ရှာနိုင်လောက်အောင် ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ Li မှာ Pan နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့အကြောင်း Pan ကို ပြောပြလိုက်ပါတယ် ။ Pan က တာဝန်ယူရမယ့် အစား Li ကို ကိုယ်ဝန်ဖျက်ချဖို့ စည်းရုံးပြောဆိုခဲ့ပါတယ်
Li က မိသားစုဘဝလေးကို တည်ဆောက်ချင်ပါတယ်။ ဒါပေမယ့် ကလေးတွေမွေးဖို့ အတွက် သူတို့နှစ်ယောက်က အရမ်းကို ငယ်နေသေးကြောင်း Pan က ပြောပါတယ်။ နောက်တစ်ကြိမ် ကိုယ်ဝန်ရလာရင်တော့ Li ကို လက်ထပ်မယ် လို့လည်း ပြောပါသေးတယ်။
ကိုယ်ဝန်ဖျက်ချပြီး မကြာမီ Pan ရဲ့ လုပ်ရပ်ကြောင့် Li တစ်ယောက် အံ့ဩ တုန်လှုပ်သွားပါတယ်။ Pan က အလုပ်ကိစ္စနဲ့ ခရီးထွက်တယ်ဆိုပြီး တခြားမိန်းကလေးတွေနဲ့ အတူရှိနေတာပါ ။ အသည်းကွဲသွားတဲ့ Li ဟာ Pan ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက Liမှာ ကိုယ်ဝန် ထပ်ရှိနေတယ်ဆိုတာ Pan နဲ့ လမ်းခွဲပြီး ရက်အနည်းငယ် အကြာမှာမှ သိလိုက်ရတာပါပဲ။
Liက Pan ကို ဒီအကြောင်း ပြောပြလိုက်ပေမယ့် Pan က လက်ထပ်ဖို့ ငြင်းလိုက်ပါတယ်။ Li ရဲ့ စိတ်ထိခိုက်ခံစားရမှုအတွက် Pan က လျော်ကြေးငွေပဲ ပေးနိုင်တယ်လို့ ပြောပါတယ်။ ဒီကိစ္စက ပထမအကြိမ် ကိုယ်ဝန် ဖျက်ချတုန်းက အချိန်နဲ့ သုံးလတောင် မကွာသေးပါဘူး။
အဲဒါကြောင့် Li ဟာ တုန်လှုပ်ချောက်ချားဖွယ်အတွေ့အကြုံကို နောက်ထပ်မကြုံချင်တော့ပါဘူး။Li စိတ်ဓာတ်တွေ ကျပြီး စိတ်ဖိစီးမှု များလာပါတယ်။ ဒီဖိအားတွေကို နောက်ထပ် သည်းမခံနိုင်တော့တဲ့အခါ Li ဟာ အခန်းထဲမှာ မီးသွေးတွေကို မီးရှို့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မနက် 4 နာရီပတ်ဝန်းကျင်မှာ Li ဟာ အိမ်မှာပဲ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါတယ်။ အဲဒီအိမ်မှာ Li နဲ့အတူ အခြားမိန်းကလေး နှစ်ယောက်အတူ နေကြတာပါ။ မီးသတ်သမားတွေ ရောက်လာတဲ့အခါမှာတော့ Li သေဆုံးနေပါပြီ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက Li ဟာ Pan နဲ့ စကားများရန်ဖြစ်ပြီး စိတ်တွေကယောင်ချောက်ချား ဖြစ်တာတွေ့တယ်လို့ Li ရဲ့ အိမ်အကူက ပြောပါတယ်။ ဒါပေမယ့် Li ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ အချိန်မှာတော့ ကိုယ်ဝန်ရှိနေမှန်း သူတို့ မသိခဲ့ကြဘူးလို့ ပြောပါတယ် ။ Li ရဲ့ အမေက ဒီဝမ်းနည်းစရာသတင်းကို ကြားပြီး ယူကျုံးမရဖြစ်ပီး စိတ်ထိခိုက်သွားပါတော့တယ်။
Pan နဲ့ သူအမေက အခင်းဖြစ်တဲ့နေရာကို ရောက်လာကြပေမယ့်လည်း နောင်တရပုံ မပေါ်ကြပါဘူး။ လက်ထပ်ဖို့ အတွက် ဘာမှ မပြင်ဆင်ရသေးကြောင်း၊ မိန်းကလေးတွေနဲ့ ပျော်ပျော်ပါးပါးနေဦးမယ် ဆိုတဲ့အကြောင်း Pan က သူ့သူငယ်ချင်းကို ပြောပြဖူးပါတယ်။ Pan နဲ့ သူ့အမေကတော့ Li ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး အလေးမထားကြပါဘူး။
ဒီအမှုက သူတို့နဲ့ နည်းနည်းမှ မဆိုင်ကြသလိုပဲ နေကြပါတယ်။ Li ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး Pan ရဲ့ အမေက ဘာမှ လုပ်ပေးစရာမရှိတဲ့ အကြောင်း၊ သူမရဲ့သားက မိန်းကလေးတွေကို ရွေးချယ်ဖို့အတွက် ရှာဖွေနေဆဲဖြစ်ကြောင်း ပြောပါသေးတယ်
Li ရဲ့ အမေကတော့ စိတ်မကောင်းစရာ ဒီအဖြစ်အပျက်လေးကို တရုတ် Social media မှာ ဖော်ပြခဲ့ပါတယ်။ Pan ရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ကြောင့် ငယ်ရွယ်တောက်ပနေဆဲ ဘဝတစ်ခု ဆုံးရှုံးလေခြင်းဆိုပြီး ဒီသတင်းက လူအများရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။
Ref worldofbuzz