Local News

သမ္မတကို နုတ်ထွက်ခိုင်းတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ဖြေရှင်း

သမ္မတဦးဝင်းမြင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်‌နေ့က တရားရုံးမှာ ပြောကြားခဲ့တဲ့ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာလ ၁၄ ရက်‌နေ့မှာ မြန်မာ့ရုပ်သံက တစ်ဆင့် ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

သမ္မတကြီး ဦးဝင်းမြင့်

သမ္မတဦးဝင်းမြင့်ကို နုတ်ထွက်ခိုင်းခဲ့တယ်ဆိုတဲ့ ပြောဆိုချက် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မဝေဖန်လိုကြောင်း သူရဲ့တရားရုံးမှာ ရှိတဲ့ အခွင့်အရေးဖြစ်တယ်လို့လည်း သူကပြောပါတယ်။

သမ္မတဦးဝင်းမြင့်က သူကို့ အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၅ နာရီက သမ္မတရုံးကို ခေါ်သွားခဲ့ပြီး အဲ့ဒီနောက်စစ်တပ်အရာရှိကြီး နှစ်ဦးရောက်လာကာ ကျန်းမာရေး အကြောင်းပြ နုတ်ထွက်ခိုင်းခဲ့တယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၂ ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာတွေရှိကြောင်းလည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သမ္မတကြီး ဦးဝင်းမြင့်

ဒါအပြင် သမ္မတဦးဝင်းမြင့်ဟာ အဲ့ဒီအချိန်မှာ ရွေးကောက်ပွဲဝင်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ အနေအထားရှိနေပြီး အခြေခံဥပဒေ ပုဒ်မ ၆၂ ၊ ၆၃ အရ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မှ မဖြစ်စေရဆိုတဲ့ အချက်ကိုလည်း ထည့်ပြောသွားပါတယ်

၂၀၀၈ အခြေခံဥပဒေအရ သူက အဲ့ဒီလိုပြောပေမယ့် အခြေခံဥပဒေ ပုဒ်မ ၆၁ (ခ) မှာတော့ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတသစ် ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများသည် မိမိတို့လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရမယ်လို့ဖော်ပြထားပါတယ်။

သမ္မတကြီးသည် ဖြစ်ပျက်ခဲ့သည်များကို လူသိရှင်ကြား ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ရှေ့မှောက်မှာပင် ရဲဝံ့စွာ ထုတ်ဖေါ်ပြောဆိုသွားခဲ့ခြင်းကြောင့် ၎င်းတို့ တသမတ်တည်း ပြောဆိုလာသော အာဏာသိမ်းခြင်း မဟုတ်၊ ဖွဲ့စည်းပုံ နှင့် အညီ အာဏာလွှဲပြောင်းယူခြင်း ဆိုသည် ကလည်း ပြိုလဲသွား ခဲ့ရရပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ကိုယ်တိုင် ရေးဆွဲထားခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ပုဒ်မ ၇၃ (က) အရ သမ္မတ သည် ရာထူးမှ နှုတ်ထွက်ခြင်း၊ သေဆုံးသွားခြင်း၊ သို့မဟုတ် တာဝန် မထမ်းဆောင် နိုင်လောက်အောင် ကျန်းမာ ရေး ချို့ယွင်းသွားခဲ့ခြင်း၊ အစရှိသည့် အကြောင်းများဖြင့်သာ ဒုတိယ သမ္မတ နှစ်ဦး အနက် မဲ အများဆုံးဖြင့် ရွေးချယ်ခံခဲ့ရသူကို ယာယီ သမ္မတ အဖြစ် အပ်နှင်းရမည်ဟု ပါရှိခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း

နုတ်ထွက်မပေးနိုင်ဘူး။ အသေခံမယ် အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မနက်မှာတော့ သမ္မတအိမ်တော်မှာ ဘာတွေကြုံခဲ့ရလဲဆိုတာကို သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာ ၁၂ ရက်တရားခွင်မှာထွက်ဆိုခဲ့တဲ့အသေးစိတ်အချက်အလက်တွေကို ဘီဘီစီသတင်းမှာတင်ဆက်ထားတာကို ဖော်ပြပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီ ခန့်မှာ ဦးဝင်းမြင့်တစ်ယောက် အိပ်ခန်းတံခါးခေါက်သံကြားလိုက်ရတဲ့အခါ သမ္မတအိမ်တော် တစ်ဝန်းလုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေးယူနီဖောင်းတွေဝတ်ထားတဲ့ စစ်သားတွေအပြည့်ဖြစ်နေပါပြီ။

ညဝတ် ဝတ်စုံဝတ်ထားတဲ့ သမ္မတဟာ အခြေအနေကို သဘောပေါက်လိုက်ပြီး အဝတ်အစား လဲလိုက်ပါတယ်။အဲ့ဒီနောက် ဘုရားခန်းကို သွား၊ ဘုရားရှိခိုးပြီး ဘုရားစာအုပ်တချို့ကို ယူလိုက်ပါတယ်။ လိုအပ်တဲ့ သောက်နေကျဆေး တချို့ကိုလည်း ယူလိုက်ပါသေးတယစစ်သားတွေဟာ သမ္မတ ကို သူ့ရဲ့ရုံးခန်းဆီ ခေါ်သွားပါတယ်။ လမ်းတစ်လျှောက် စစ်သားတွေအပြည့် ဖြစ်နေတာ ဦးဝင်းမြင့် တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

သမ္မတကြီး ဦးဝင်းမြင့်

သမ္မတရုံးရောက်တော့ သူ့ကို ရုံးခန်းထဲတောင်မ‌ဝင်ခိုင်းဘဲ ခုံတစ်လုံးမှာ ထိုင်ခိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။ခဏတွင်းချင်းမှာပဲ ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်လား သဲသဲကွဲကွဲမမှတ်မိတော့တဲ့ အရာရှိကြီး နှစ်ဦး ရောက်လာပြီး ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ ပြောလိုက်ပါတယ်။

ဦးဝင်းမြင့်က ကျန်းမာရေးကောင်းနေကြောင်းနဲ့ မနုတ်ထွက်ပေးနိုင်တဲ့အကြောင်း ပြန်ပြောပါတယ်။ပြန်စဥ်းစားပါ။ ပုဂ္ဂိုလ်ရေးထိခိုက်မှု ရှိလာနိုင်ပါလိမ့်မယ်လို့ စစ်ဗိုလ်ချုပ်နှစ်ဦးက ပြောလိုက်ပါတယ်အဲ့ဒီအခါ သမ္မတ ဦးဝင်းမြင့်က နုတ်ထွက်မပေးနိုင်ဘူး။ အသေခံမယ် လို့ ပြန်ပြောလိုက်ပါတယ်။အခုလို အာဏာမသိမ်းသင့်ကြောင်း ဥပဒေနဲ့အညီ လုပ်သင့်ကြောင်း သမ္မတက ထပ်ပြောပါတယ်

သမ္မတကြီး ဦးဝင်းမြင့်

သမ္မတနုတ်ထွက်ခိုင်းရေး အစီအစဥ် မအောင်မမြင်ဖြစ်ပြီးတဲ့နောက် သမ္မတကို ရုံးခန်းကနေ အိမ်တော်ကို ပြန်ခေါ်သွားခဲ့ကြပါတယ်။သမ္မတဟာ အိမ်ကိုပြန်ရောက်တော့ အိမ်တော်ထဲမှာ လုံခြုံရေးအပြည့်ချထားပြီး ဆက်သွယ်ရေးခန်းထဲက ပစ္စည်းတွေလည်းမတွေ့ရတော့ပါဘူး။အဲ့ဒီနောက် သမ္မတနဲ့မိသားစုရဲ့ ဖုန်းတွေအကုန်လုံးကို သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

နေ့လယ်ခင်းကို ရောက်တဲ့အခါ သမ္မတ အိမ်တော်ကနေ ၃ ရက်အတွင်း ဖယ်ပေးရမယ်လို့ စစ်တပ်ကအ ‌ကြောင်းကြားခဲ့ပါတယ်လို့ဆိုပါတယ်။သမ္မတနဲ့မိသားစုလည်း ပစ္စည်းတွေသိမ်းဆည်းပြီး အဆင်သင့်စောင့်နေခဲ့ပါတယ်။ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီမှာတော့ သမ္မတအိမ်တော်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဝန်ကြီးရပ်ကွက်ထဲက အိမ်တစ်လုံးကို သမ္မတမိသားစုကို ပြောင်းရွေ့ထားလိုက်ပါတော့တယ်

မေလ ၂၃ ရက် အရောက်မှာတော့ ဝန်ကြီးအိမ်ရာကနေ တခြားနေရာတစ်ခုကို မိုးစုန်းစုန်းချုပ်တဲ့အချိန်ကြီး ထပ်ပြောင်းရွေ့ပြန်ပါတယ်။ဒါကြောင့် သမ္မတဟာ သူ ဘယ်နေရာရောက်နေမှန်းမသိရတော့တဲ့ အခြေအနေဖြစ်ခဲ့ရပြီး ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားရတယ်လို့ ပြောပါတယ်။ဒီထွက်ဆိုချက်တွေအပြီးမှာ နောက်ထပ် စိတ်၀င်စားစရာတစ်ခုက သမ္မတရဲ့ လိပ်စာကိစ္စပါ။

သမ္မတကြီး ဦးဝင်းမြင့်

ဦးဝင်းမြင့်ရဲ့လိပ်စာသမ္မတ မဖြစ်ခင်က ဦးဝင်းမြင့်ဟာ တာမွေမြို့နယ်က တိုက်ခန်းလေးတစ်ခုမှာ နေထိုင်ခဲ့တာပါ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ ပြည်သူ့လွှတ်တော်အိမ်တော်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဦးထင်ကျော်အနားယူပြီးတဲ့နောက် သူသမ္မတဖြစ်လာတဲ့အခါ ဦးဝင်းမြင့်ရဲ့လိပ်စာဟာ သမ္မတအိမ်တော် ဖြစ်လာခဲ့ရပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ သူ့ကိုလိပ်စာမေးတဲ့အခါ ဦးဝင်းမြင့်က သူ့ကိုဘယ်နေရာမှာထားမှန်းမသိလို့ ဘယ်လိပ်စာကိုပေးရမလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။အဆုံးမှာ သမ္မတ အိမ်တော် လို့ပဲ လိပ်စာကို သတ်မှတ်ခဲ့ရပါတယ်။CRPH,NUG နဲ့ PDF တို့အကြောင်း သမ္မတဘာပြောလဲ

သမ္မတကြီး ဦးဝင်းမြင့်

CRPH,NUG နဲ့ PDF တို့အကြောင်းသိပါသလားလို့ တရားလိုဘက်က ဒီကနေ့ရုံးချိန်းမှာ မေးခွန်းထုတ်ခဲ့ပါတယ်။ သမ္မတရဲ့ရှေ့နေ ဒေါ်စန်းမာလာညွန့်က အမှုနဲ့မဆိုင်ဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။ တရားသူကြီးက ဆက်မေးဖို့ခွင့်ပြုပါတယ်။NLD လူငယ်တွေက PDF ဖွဲ့တဲ့အကြောင်း၊ လက်နက်စွဲကိုင်တိုက်တဲ့အကြောင်းကို သိသလားလို့ဆက်မေးပါတယ်။

သမ္မတရဲ့ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဆက်ကန့်ကွက်ပါတယ်။တရားသူကြီးက မေးခွင့်ဆက်ပြုလို့ ဦး၀င်းမြင့်က ဖြေကြားရပါတယ်။ဦးဝင်းမြင့်က သမ္မတ ဖြစ်ကတည်းက ပါတီလုပ်ငန်းတွေ မဆောင်ရွက်တော့တာမို့ မသိဘူးလို့ ပြန်ဖြေပါတယ်။ရှေ့နေအဖြစ်အသက်မွေးခဲ့ဖူးတဲ့ သမ္မတဦးဝင်းမြင့်ဟာ အပြန်အလှန်စစ်မေးချက်တွေကို ခွင့်ပြုခဲ့ပြီးရုံးတော်မှာ ချေပခဲ့တာပဲဖြစ်ပါတယ်။

သမ္မတ ရဲ့ထွက်ဆိုချက်တွေကြောင့် ၅၀၅ (ခ) အမှုဟာ စိတ်ဝင်စားမှုအမြင့်ဆုံးအခြေအနေကိုရောက်ခဲ့တာလည်းဖြစ်ပါတယ်။လာမယ့် ရုံးချိန်းကိုတော့အောက်တိုဘာ ၂၆ ရက်ကို ချိန်းဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုဖို့ရှိနေပါတယ်။

Credit