မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့စကားလေး အရမ်းနှစ်သက်မိပါတယ်။ ဒီစကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်ဟာ တွေးရင် တွေးသလောက် လေးနက်တယ်လေ။ ရှိနေတဲ့ဝန်တွေကို မောင်ကထမ်းပြီး မယ်ကရွက်တာပေါ့။ မောင်က ထမ်းပိုးနေတဲ့အချိန်မှာ မယ်က နိုင်သလောက်ရွက်ကူတဲ့သဘော ။ မယ်ကရွက်နေတဲ့အချိန်မှာ မောင်က နိုင်သလောက်ထမ်းကူတဲ့သဘော။
သူထမ်းရရင် ကိုယ်ရွက်သင့်တယ် ၊ သူရွက်ရင် ကိုယ်ထမ်းသင့်တယ်ဆိုတဲ့ ဝတ္တရားအမြင်ထက် မေတ္တာအမြင်လေး ထည့်လိုက်တဲ့အခါမှာ ကိုယ်ချစ်တဲ့တဘက်လူ သက်သာလို သက်သာငြား နိုင်သလောက် ဝင်ကူတယ်ဆိုတဲ့သဘော ရောက်သွားတဲ့အတွက် နှစ်ဦးနှစ်ဖက်ရဲ့ မေတ္တတရားကို ကြားရသူ ၊ မြင်ရသူတွေ ကြည်နူးစေမှာအမှန်ပါ။
ထမ်းတယ် ၊ ရွက်တယ်ဆိုတာ အခြေနိမ့်တဲ့သူတွေအလုပ်ပဲ ထင်နေရင်မှားမှာပေါ့။ ကုန်ပစ္စည်းဝန်တွေကိုပဲ ထမ်းစရာ ၊ ရွက်စရာလို့ ထင်မြင်နေပြီဆိုကတည်းက မှားနေပြီ။ သမီးရည်းစား ချစ်ရည်မျှပြီဆိုကတည်းက ၊ လူနှစ်ဦး လက်ထပ်ပေါင်းသင်းလိုက်ပြီဆိုကတည်းက တယောက်ဝန်တစ်ယောက် နိုင်သလောက် ကူထမ်းကြမယ် ၊ ဘဝတလျောက်လုံး မျှဝေခံစားကြမယ်လို့ သဘောတူညီထားကြတာပါ။
သမီးရည်းစားဘဝမှာ သူ့လွယ်တဲ့အိတ်ကလေး ကူဆွဲပေးတာ ၊ သူသယ်တဲ့အထုပ်ကလေး ကူဆွဲပေးတာ တဘက်လူအတွက် ကြည်နူးစရာပဲ။ ဒီ့ထက်ပိုလာရင် သူ့အလုပ်က စိတ်ဖိစီးမှုတွေ ၊ လူမှုရေးအဆင်မပြေမှုတွေ ၊ အိမ်တွင်းရေးအဆင်မပြေမှုတွေကို နားထောင်လို့ ဝေမျှခံစားပေးမယ် ၊ လိုအပ်ရင် နှစ်သိမ့်မယ် ၊ နိုင်တာလေးဝင်ကူပေးမယ်။
လက်ထပ်ပြီးတဲ့စုံတွဲတွေကျတော့ ဒီလောက်လေး လုပ်ပေးနေရုံနဲ့ မလုံလောက်တော့ဘူး။ လက်ထပ်လိုက်ပြီဆိုကတည်းက တမိုးအောက် နှစ်ယောက်အတူ တဘဝစာ လူလူချင်း အရင်းနှီးဆုံး ဝေမျှခံစားကြမယ်လို့
သဘောတူလိုက်တာဖြစ်ပါတယ်။ ဒီလိုဝေမျှခံစားတယ်ဆိုတဲ့အရာတွေထဲမှာ သူ့ကိုယ် ၊ ကိုယ့်ကိုယ်အပြင် သူ့စိတ်ခံစားမှု ၊ ကိုယ့်စိတ်ခံစားမှုတွေလည်း ပါဝင်နေရပါမယ်။ ဒါ့အပြင် ဘဝမှာကြုံလာတဲ့ အခက်အခဲတွေကိုလည်း နှစ်ယောက်တိုင်ပင် ဖြေရှင်းကြမယ်ဆိုတဲ့
အခက်အခဲဆိုင်ရာ ဖြေရှင်းမှုလည်းရှိရမယ်။ ဒီလိုအခက်တွေထဲမှာ ငွေကြေးအခက်အခဲ ၊ စားဝတ်နေရေးအခက်အခဲ ၊ လူမှုရေးအခက်အခဲတွေအပြင် နောင်မှာ သားရေး ၊ သမီးရေး ဆိုတာတွေလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။
သမီးရည်းစားဆိုတဲ့ကဏ္ဍဟာ ရေပေါ်ဆီကဏ္ဍလေးပဲဖြစ်ပါတယ်။ ဆိုလိုတာက အပေါ်ယံလေးပါ။ တနေ့တာ (၂၄)နာရီဆိုတဲ့အချိန်ကလေးမှာ နှစ်ယောက် ပူးပူးကပ်ကပ် တီတီတာတာရှိချိန် နာရီပိုင်းလေးအတွင်းမှာ ဆက်သွယ်တဲ့ ဆက်နွယ်မှုလေးပါ။
ဒီလိုအချိန်တိုကလေးမှာ ဟန်ဆောင်သူတွေက ဟန်ဆောင်နိုင်တယ်။ ဒီလိုအချိန်တိုကလေးမှာ မကောင်းကွက်တွေချန်ထားပြီး ကောင်းကွက်တွေကိုပဲ ရွေးခံစားလို့လည်းရပါတယ်။ ဒီလိုအချိန်တိုကလေးမှာ
မကောင်းကွက်တွေ ဖုံးထားပြီး ကောင်းကွက်တွေပဲ ဖော်ထားလို့လည်း ရပါတယ်။ အထူးသဖြင့် အချစ်တွေ ဖုံးနေ ၊ မွှန်နေတော့ ရေပေါ်ဆီလေးပဲမြင်ပြီး အောက်မှာ အနည်ထိုင်နေတာတွေကို အတွေးနက်နက်ထားပြီး မြင်အောင်မကြည့်နိုင်ကြတာပါ။ တကယ်မြင်အောင်ကြည့်ရင် မြင်ပါတယ်။
ဘာတွေကို မြင်အောင်ကြည့်ရမလဲဆိုရင် သူနဲ့ကိုယ်ရဲ့ သဘောထားကွဲလွဲမှုတွေ ၊ ခံယူချက်ကွဲလွဲမှုတွေ ၊ ငဲ့ညှာထောက်ထားမှုတွေ ၊ ယုယကြင်နာမှုတွေ ၊ နားလည်ပေးနိုင်မှုတွေ ၊ သည်းခံပေးနိုင်မှုတွေ ၊ ခွင့်လွှတ်ပေးနိုင်မှုတွေ ဒါတွေဟာ နက်ရှိုင်းမှု ရှိမရှိ ၊ ညှိနှိုင်းမှု ရှိမရှိ ၊ သူ့အတ္တရှေ့ထားမှု ရှိမရှိ ဆိုတာတွေ ဒီအချိန်မှာ အကဲဖြတ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။
ဒီလိုအချိန်တိုလေး တွေ့ဆုံနေချိန်မှာတောင် စကားများရန်ဖြစ်နေရရင် ၊ သဘောထားအမြင်တွေ ကွဲလွဲမှုကြီး အတိုင်းသားဖြစ်နေတာတွေ ၊ ခံယူချက်ပြောင်းပြန်ဖြစ်နေတာတွေ ၊ စကားများရန်ဖြစ်တိုင်း သူပြောတဲ့စကားတွေ ၊ အပြုအမူတွေဟာ ကိုယ့်အပေါ် ငဲ့ညှာထောက်ထားမှု ရှိမရှိဆိုတာတွေ ၊ ကိုယ့်ဘက်က အကျိုးအကြောင်း ခိုင်လုံစွာ ရှင်းပြသည့်တိုင်အောင် နားလည်ပေးနိုင်မှုရှိမရှိ ၊
ညှိနှိုင်းမှုရှိမရှိ ၊ သည်းခံခွင့်လွှတ်နိုင်စွမ်း ရှိမရှိ ဆိုတာတွေကို သမီးရည်းစားဘဝမှာ ကိုယ့်အချစ်တွေ ၊ ခံစားချက်တွေကို ရှေ့တန်းမတင်ဘဲ မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။သမီးရည်းစားဘဝမှာ အချစ်တွေမွှန်ပြီး
အပေါ်ယံ ရေပေါ်ဆီဆက်ဆံရေးမှာသာယာလို့ အတွင်းကျကျ သူ့အကြောင်းတွေ မြင်အောင်မကြည့်နိုင်ခဲ့ဘူးဆိုရင် ကိုယ်ညံ့လို့ဖြစ်ပါတယ်။ သူ့ကိုတောင် အကဲမဖြတ်နိုင်တဲ့ကိုယ်ဟာ သူ့မိသားစုရဲ့ နောက်ခံကိုကော အကဲဖြတ်နိုင်ပါ့မလား။
သူနဲ့ တဘဝစာလက်တွဲချင်တယ်ဆို သူ့အကြောင်းသိဖို့အပြင် သူ့မိသားစုတွေရဲ့ စိတ်ထား ၊ စာရိတ္တနဲ့ ပြုမူနေထိုင်ဆောင်ရွက်ပုံတွေ ၊ ကိုယ့်အပေါ်ဆက်ဆံမှုတွေဟာ ရေရှည်မှာ ကိုယ်နဲ့ကိုက်ညီမှု ရှိမရှိ ၊
သူ့အပြင် သူ့မိသားစုတွေကိုလည်း ကိုယ့်မိသားစုဝင်တွေကို သဘောထားနိုင်မှု ရှိမရှိ ၊ တဘဝစာ ဆွေမျိုးအသိုင်းအဝန်းတွေအဖြစ် ပေါင်းစပ်သွားနိုင်မှု ရှိမရှိ ဆိုတာတွေကိုလည်း လေ့လာအကဲဖြတ်ရဦးမယ်လေ။
ချစ်တာတခုပဲဦးထိပ်ထားလို့ သူနဲ့ ရွှေလက်တွဲလို့ ဘဝတခုတည်ဆောက်ပြီးကာမှ ဘွာတေး မှားသွားလို့ဆိုရင် အပျို ၊ လူပျိုဘဝနဲ့ ခြေလှမ်းပြန်နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ယူပြီး သူ့ဘာသာသူ အဆင်ပြေသွားမှာပါဆိုတဲ့ အပျို ၊ လူပျိုတွေယူပြီး သူ့ဘာသာသူ အဆင်ပြေသွားရင်ကောင်းပေမယ့် အဆင်မပြေခဲ့ရင် ဘယ်သူမဆို နစ်နာတာပါပဲ။ အနစ်နာဆုံးကတော့ သားသမီးတွေဖြစ်မှာပါ။
ဆေးစရာအိုးခွက်ပန်းကန်တွေပုံနေတဲ့ ဇနီးမယားကိုစာနာပြီး စားပွဲကလေးသန့်ရှင်းပေးတာ ၊ ကလေးတွေကို စာကူပြပေးတာ ၊ တံမြက်စည်းလေး ကောက်လှည်းပေးတာ ၊ အိပ်ယာကလေး ဝင်ခါပေးတာတွေဟာလည်း
မောင်တထမ်း ၊ မယ်တရွက်လုပ်တာပါပဲ။ ဇယ်ဆက်အောင်လုပ်ရမယ့် သူမရဲ့တာဝန်တွေကို ကိုယ်နိုင်သမျှ ဝင်ထမ်းပေးလိုက်တာလေ။ ဒါတွေလုပ်ပေးရမယ်လို့ ဘယ်လိုသိသလဲဆိုရင် မေတ္တာအခြေခံထားလို့ ဝတ္တရားရှိတယ် မခံယူဘဲ စေတနာဖြည့်စွက် လုပ်ပေးလိုက်တဲ့အတွက် မြင်ရသူမှာ ကြည်နူးတယ်။ ခံစားရသူလည်း ပီတိဖြစ်တယ်။
ကိုယ်တွေမိသားစု စားချိန်တန်စား ၊ ဝတ်ချိန်တန်ဝတ်ရအောင် ရှာဖွေကျွေးမွေးနေတဲ့ ခင်ပွန်းတာဝန်ကတော့ ပြောစရာမရှိအောင် အိမ်ထောင့်တာဝန်ထမ်းနေသူပေါ့။ လောက်ငအောင် ဝင်ငွေမရှိတဲ့ ခင်ပွန်းရဲဝင်ငွေလေးကို
နည်းလှချည်ရဲ့ အပြစ်မတင်ဘဲ လောက်ငအောင် သုံးတတ်ဖို့ ၊ မလောက်ငရင် အပိုဝင်ငွေရှာတတ်ဖို့ ကြိုးစားရမှာပေါ့။ လေသွားမယ့် ငွေယိုပေါက်တွေကို စိစစ်နိုင်ပြီဆိုရင် ဒါလည်း မယားတစ်ယောက်အနေနဲ့ မောင်တထမ်း ၊ မယ်တရွက် လုပ်ဆောင်ခြင်းပါ။
အိမ်ထောင့်တာဝန်တွေဆိုတာ မိသားစုစားဝတ်နေရေးတင်မဟုတ်ဘူး ၊ မိသားစုကျန်းမာရေးလည်းရှိသေးတယ် ၊ အလုပ်အကိုင်အဆင့် ဆက်မြင့်မားဖို့ ဖွေရှာရမယ့် ပညာရေးဆိုတာလည်း ရှိသေးတယ် ၊ သားသမီးတွေရဲ့ ပညာရေးဆိုတာလည်း ရှိသေးတယ်။
အိမ်ထောင်စု သာယာပျော်ရွှင်ရေးအတွက် အသုံပြုရမယ့်ငွေ ၊ မိသားစု လည်ပတ်စားသောက်နိုင်တဲ့ငွေ ၊ မိသားစုအတွက်ပေးတဲ့အချိန်နဲ့ စိတ်ခံစားမှုတွေဆိုတာ သမီးရည်းစားတုန်းကလို နာရီပိုင်းလေး ကွက်ခံစားချင်လို့ မရတော့ပါဘူး။ တဘဝစာ တွေးထားရမယ့်ကိစ္စတွေ ၊ လုပ်ကိုင်ဆောင်ရွက်သွားရမှာတွေ ဖြစ်ပါတယ်။
မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့စကားလေးဟာ တွေးရင်တွေးသလောက် ၊ ခံစားတတ်ရင် ခံစားတတ်သလောက် အဓိပ္ပါယ်ပြည့်စုံသော အိမ်ထောင်မှုရသကို ပေးစွမ်းနေပါတတယ်။ မောင်တထမ်း ၊
မယ်တရွက်ဆိုသလို ကိုယ်ချစ်တဲ့သူနဲ့ ဒီတာဝန်တွေ တဘဝစာ မျှဝေထမ်းသွားနိုင်ပါ့မလား။ ဝတ္တရားဆိုတာပဲ မကြည့်ဘဲ မေတ္တာ ၊ စေတနာလေး ရေရှည် ဖြည့်စွက်ထားနိုင်မယ်ဆိုရင် တဘဝစာ မျှဝေထမ်းသွားနိုင်မှာပါ။
Credit မူရင်းရေးသူ