Local News

စစ်တပ်ထဲမှ အရာရှိကြီးတွေ အတွက် လမ်းစဖွင့်ပေးလိုက်တဲ့ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်

စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်သည် တိုင်းရင်းသား လက်နက် ကိုင်များ ထိန်းချုပ်ဒေသသို့ ထွက်ပြေး ခိုလှုံရန် ကြံစည်နေချိန်တွင် ဖမ်းဆီးခံလိုက်ရသည်ဟု တိုင်းရင်းသား လက်နက်ကိုင်များ၏ သတင်းရပ်ကွက်က ဧရာဝတီ ကို အတည်ပြု ပြောကြားခဲ့သည်ဟု
သတင်း ပါရှိလာသည်။

ထိုသတင်းအရ ဆိုလျှင် အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ ဗိုလ်မှူးချုပ် ဖြိုးသန့်သည် CDM လှုပ်ရှားမှု တွင် ပါဝင်လာရန် ကြံစည်ခဲ့သဖြင့် အဖမ်းခံခဲ့ရသည့် အဆင့်အမြင့်ဆုံး စစ်ဖက် အရာရှိကြီး တဦး ဖြစ်လာခဲ့သည်။သူ အတွက် လမ်းကြောင်းအားလုံးကို စီစဉ်ထားပြီး ဖြစ်သော်လည်း သူနှင့် အတူ လက်အောက်ခံ အရာရှိများကို တပါတည်း ခေါ်ဆောင်လာနိုင်ရန် ကြံစည်နေစဉ်တွင် အာဏာသိမ်း တပ်များက လက်ဦးမှု ရသွားခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်

သူ၏ လက်အောက်ခံ နယ်မြေများ အတွင်း အကျအဆုံး လွန်စွာ များပြားလာနေပြီး နယ်မြေ စိုးမိုးမှု ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သည့်အတွက် ဖိအားပေးခြင်း ခံလာနေရသည့်အပြင် သူ့အတွက် စစ်တိုင်း မှူးဘဝ ကုန်ဆုံးမည့် ရက်များသည် လက်ချိုးရေ တွက်၍ ရလုမတတ် ဖြစ်လာနေပြီ ကို သုံးသပ်မိ၍ ယခုလို ဆုံးဖြတ်ခြင်း ဖြစ်ပုံရပေသည်။

ဤသည်ကို ကြည့်က စစ်တပ် အတွင်း အက်ကြောင်းများ ကြီးမားလာနေပြီး စီးပွားရေး တွင်လည်း ပို့ကုန်သမား များ ထံမှ ပိုလျှံသည့် နိုင်ငံခြားငွေများကို ဗဟိုဘဏ်သို့ ရက်သုံးဆယ် အတွင်း ပြန်လည် ရောင်းချရန် အမိန့်ထုတ် ပြန်ခြင်း၊ စပါးတင်း ၁၀၀ အတွက် ကြမ်းခင်းဈေး ၅၄၀,၀၀၀ နှုန်း ဖြင့် ဈေးလျော့ ဝယ်ယူလာခြင်း၊ အစရှိသည့် စမ်းတဝါးဝါး နှင့် ထင်ရာမြင်ရာ လုပ်လာမှုများ ကြောင့် စီးပွားရေး သည် ၁၈% ခန့် အနှုတ်လက္ခဏာ ပြလာခဲ့ ရသည်။

ထိုသို့ စစ်ကောင်စီသည် အကွဲအပြဲများ နှင့် မျက်မမြင် ပုဏ္ဏားများ ဘဝ ရောက်ရှိနေချိန်တွင် အမျိုးသား ညီညွတ်‌ ရေး အစိုးရသည် ယခုလို အဝေးရောက် အနေအထား မှာပင် တိုင်းပြည်ကို နိုင်နင်းစွာ အုပ်ချုပ်နိုင်စွမ်း ရှိနေပြီကို တဖြေးဖြေး နှင့် ပြသ လာနိုင်ခဲ့ပြီ ဟု အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ အကြီးတန်း အဖွဲ့ဝင်လည်း ဖြစ် မြန်မာ့ အရေး လေ့လာသုံးသပ်သူ လည်း ဖြစ်သည့် Joshua Kurlantzick မှ

World Politics Review စာစောင်တွင် ယခုလို သုံးသပ်တင်ပြသွားခဲ့သည်။NUG သည် လက်နက်ကိုင် တော်လှန်‌ရေး အရှိန်မြှင့်တင်နိုင်ရေး တွင် အားနည်းနေသော်လည်း အုပ်ချုပ်ရေး ပိုင်းတွင် အောင်မြင်ရန် ပို၍ နီးစပ်လာနေသည်။ ခုနှစ်လ အတွင်းမှာပင် ပြည်ပ နိုင်ငံများ နှင့် ချစ်ကြည်ရေး တည်ဆောက်လာနိုင်ပြီး ပြည်တွင်း တွင်လည်း အကွဲအပြဲများကို ရင်ကြားစေ့လာနိုင်မှု နှင့် အတူ အစိုးရ ပုံသဏ္ဌာန်ကို ပီပီပြင်ပြင် ချပြလာနိုင်ခဲ့သည်။

နေ့စဉ် သုံးစွဲရန် ရှိသည့် ကုန်ကျစရိတ်များ၊ သံတမန်ရေး ထိုးစစ်များ၊ လူသားချင်း စာနာထောက်ထားမှု အကူ အညီပေးနိုင်ရေး အစရှိသည့် လုပ်ငန်းစဉ်များ အတွက် ဒေါ်လာ သန်း ၇၀၀ တန် ဘတ်ဂျက်အတွက် လုံလောက် သည့် ရံပုံ‌ငွေများ စုဆောင်းလာနိုင်ခဲ့သည်။ စစ်ကောင်စီ၏ ဘတ်ဂျက်နှင့် နှိုင်းစာလျှင် များစွာ နည်းနေသေးသည် ဆိုသော်လည်း ပြည်တွင်း ပြည်ပမှ မြန်မာ နိုင်ငံသားများ၏ အလှူငွေဖြင့်

ဤမျှလောက် ဖြစ်လာရသည်မှာ နဲနဲနောနော ပမာဏ မဟုတ်ဟု ဆိုရမည် ဖြစ်သည်။ထို ဘတ်ဂျက်ထဲမှ ကိုဗစ် ကာကွယ်ဆေးရည် ၆ သန်းကို ဝယ်ယူပြီး ကာကွယ်ဆေး ထိုးပေးနိုင်ခြင်း မရှိသည့် ဒေသများကို ဖြန့်ဖြူးသွားမည် ဖြစ်သည်။ ယခင် က အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ကိုဗစ် ကာကွယ် ဟန့်တားရေး အစီအမံများကို ပြန်လည် အသုံးချမည့်အပြင် အွန်လိုင်း ပလက်ဖေါင်းများကို

သုံး၍ တိုင်းပြည်ကို မည်သို့ မည်ပုံ အုပ်ချုပ်နိုင်စွမ်း ရှိသည်ကို ပြသ နိုင်ခဲ့သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်က အားနည်းချက်များကို ပြန်လည် ပြုပြင်ပြီး ဖက်ဒရယ် စနစ် တည်ဆောက်ရေးကို ဦးတည်လာခဲ့ကာ တိုင်းရင်းသား လူနည်းစုများအပေါ် စစ်တပ်၏ အလွန် အကျွံ ပြုမူ မှုများကို အသိအမှတ် ပြုလာခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့တွင် တိုင်းရင်းသား လူနည်း စုဝင် များက

သုံးပုံ နှစ်ပုံအထိ နေရာယူထားပြီး ဖြစ်သည်။ အတော်များများ က NLD အဖွဲ့ဝင်များ မဟုတ်ကြပေ။အနာဂတ် မြန်မာ နိုင်ငံ၏ လမ်းပြ မြေပုံ အဖြစ် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လည်း ရေးဆွဲနေပြီ ဖြစ်သည်။NUG သည် စိတ်ဓါတ်ရေးရာ အရ ရော၊ ကိုယ်ကျင့် သိက္ခာ ပိုင်းတွင် ပါ စစ်ကောင်စီ ထက် သာလွန်သည့် အနေ အထားတွင် ရှိနေပြီး ၎င်းတို့၏ တိုင်းပြည်အတွက်

အမျှော်အမြင် ကြီးမားစွာ ထားရှိနေမှုအား နိုင်ငံခြား အစိုးရ အရာရှိများက အထင်တကြီး ရှိလာခဲ့သည်။ထို့အပြင် NUG အစိုးရ ကိုယ်စားလှယ်များသည် အမေရိကန် နိုင်ငံခြားရေး ဌာနမှ အထက်တန်း အရာရှိကြီးများ၊ ဗြိတိသျှ ပါလီမန် အမတ်များ၊ ကနေဒါ ရှိ ထိတ်ထိတ်ကျဲ အမတ်များ၊ ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် အခြားနိုင်ငံများမှ ပါလီမန် အမတ်များ နှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်သည့် အဆင့်အထိ တက်လှမ်းလာခဲ့သည်။

သို့သော် ပြည်ပ အစိုးရများ သည် NUG အား တရားဝင် အစိုးရအဖြစ် အသိအမှတ် ပြုရန် ချီတုံချတုံ ဖြစ်နေဆဲ ပင် ဖြစ်သည်။ အချို့ကလည်း စစ်ကောင်စီ နှင့် ဆက်ဆံနေဆဲ ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ အာရှ နိုင်ငံ အချို့ နှင့် အမုန်းပွားမည်ကို မလိုလား၍လည်း ဖြစ်သည်။ အချို့ကလည်း NUG အား အသိအမှတ်ပြုမည် ဆိုလျှင် ရန်ကုန်ရှိ ၎င်းတို့၏ သံရုံးများ ပိတ်ပစ်ရမည်ကို စိုးရိမ်နေကြ၍ ဖြစ်သည်။

ထိုသို့ ကမ္ဘာထိပ်တန်း ဒီမိုကရေစီ နိုင်ငံကြီးများ ချီတုံချတုံ ဖြစ်နေဆဲ တွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက အလျှိုလျှို ပေါ်ပေါက်လာနေပြီ ဖြစ်သည်။ ၎င်းတို့သည် စစ်ရေး ပစ်မှတ်များကို ဗုံးခွဲတိုက်ခိုက်လာပြီး ပစ်ပြေး နည်းဗျူဟာ ကို ကျင့်သုံးလာခဲ့ကြသည်။ နေပြည်တော်ရှိ စစ်ဖက် အဆောက်အအုံများကိုပင် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြလေသည်။

PDF ၏ နည်းဗျူဟာ များ ကြောင့် စစ်တပ်သည် မခံချိ မခံသာ ဖြစ်လာပြီး ရဟတ်ယာဉ်များ၊ လက်နက်ကြီးများ သုံးကာ မဲမဲမြင်ရာ ရွာများကို ပစ်ခတ် မီးရှို့ဖျက်ဆီးလာသည်အထိ ကျူးလွန်လာခဲ့ကြသည်ဟု ဘာတန် လစ်တ နာက သုံးသပ်ထားသည်။ ကချင်လက်နက်ကိုင် အဖွဲ့ ကေအိုင်အေ သည် PDF နှင့် မဟာမိတ်ဖွဲ့ကာ ၎င်းတို့ ထိန်းချုပ်နယ်မြေ ပြင်ပအထိ တိုက်ခိုက်လာကြသည်။

စစ်တပ်သည် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ခံနေရ သော်လည်း တရားမဝင် မူးယစ်ဆေးဝါး နှင့် သစ်ခုတ် ထုတ်ရောင်းရငွေများမှ ရံပုံ‌ငွေ ရှာဖွေ နေနိုင်ဆဲ ဖြစ်ပြီး ထိုငွေများ အားလုံးသည် ရုရှား ထံ ရောက်ရှိကုန်ကာ စစ်လက်နက်များ ဝယ်ယူနေနိုင်ဆဲ ဖြစ်သည်။PDF တပ်ဖွဲ့ဝင်များသည် ငယ်ရွယ်သူများ ဖြစ်သည့် အပြင် လက်နက်အင်အားလည်း ချို့တဲ့ကြသဖြင့် အရှေ့ တောင်အာရှတွင်

တိုက်ရည်ခိုက်ရည် ပြည့်ဝခဲ့သော မြန်မာ စစ်တပ် ကို အနိုင်တိုက်ပြီး နယ်မြေ ထိန်းချုပ်နိုင် ရေးသည် လွယ်ကူလှမည် တော့ မဟုတ်ပေ။စစ်တပ်ဖက်မှ ထွက်ပြေးခိုလှုံသူ များသည်ထက် များလာစေရန် ကြိုးစားနေသော်လည်း စစ်တပ်က တပ်တွင်း တွင် တရကြမ်း ဝါဒ ဖြန့်နေကြရသည်။ ထို့အတွက် စစ်သား အများအပြားက PDF ကို လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေကြသူများဟု မမြင်တော့ဘဲ ဖေါက်ခွဲရေးသမားများ၊ အဖျက်သမားများ အဖြစ် ရှုမြင် နေကြဆဲ ဖြစ်သည်

လောလောဆယ်တွင် NUG သည် ဒီမိုကရေစီ နိုင်ငံကြီး တခုခု ၏ အသိအမှတ်ပြုခံရအောင် ထိုးဖေါက် စည်းရုံး နိုင်မည်ဆိုက ကျန်နိုင်ငံများလည်း ဒိုမီနို အချပ်များလို တချပ်ပြီး တချပ် ဆက်တိုက် လိုက်ပါလာမည် ဖြစ်သည်။ ယင်းနှင့် အတူ စစ်တပ်အတွင်း ကယောင်ချောက်ချား များ ဖြစ်လာနိုင်သည့်အတွက် သံတမန် ထိုးစစ်ကို ဦးစားပေးရန် လိုနေသည်ဟု ဖေါ်ပြထားသည်။

(၂)လက်ရှိတွင် ပြင်သစ် ဆီးနိတ် အထက်လွှတ်တော်မှ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုလာပြီ ဖြစ်သည်။ အောက်တိုဘာ ၅ ရက်နေ့က အမေရိကန် ကွန်ဂရက်တွင် တင်သွင်းသော BURMA ACT 2021 အား အမြန်ဆုံး အတည်ပြုပေးရန် ပြည်တွင်း ပြည်ပ အရပ်ဖက် အဖွဲ့အစည်းပေါင်း ၂၄၂ ဖွဲ့မှ အမေရိကန် အထက် နှင့် အောက်လွှတ်တော် အမတ်များထံ စုပေါင်း လက်မှတ်ရေးထိုး ပေးပို့ နိုင်ခဲ့ကြသည်။

Nikkei Asia Review ၏ အကြီးတန်း ဆောင်းပါးရှင် ကာဆူဟီကို မီရှီနို ကလည်း စစ်တပ်မှ ရွာလုံးကျွတ်မီးရှို့၊ မဲမဲ မြင်ရာ ထင်သလို ပစ်သတ်နေမှု များ ကျူးလွန်လာနေပြီ ဖြစ်၍ ဂျပန် အစိုးရ မှ အခြေအနေများ ယခုထက် ပို၍ ဆိုးဝါးလာခြင်း မရှိအောင် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းရေးသားလာခဲ့သည်။ကုလသမဂ္ဂသည် တာဝန်မဲ့စွာ ဖြင့် အမေရိကန်-တရုတ် တို့ လက်ဝါးချင်း

ရိုက်ကာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မိန့်ခွန်းပြောခွင့် မပြုရန် သဘောတူညီချက်ကို လက်ခံလိုက်ခြင်းဖြင့် မြန်မာပြည်သူတို့၏ သဘောထား တင်ပြခွင့် ဆုံးရှုံးသွားခဲ့ရသည်ဟုလည်း ပြင်းထန်စွာ ဝေဖန်ထားခဲ့သည်။ကမ္ဘာအနှံ့ တွင် ၎င်းတို့၏ လူမဆန်သည့် လုပ်ရပ်များကို မခံမရပ်နိုင် ဝေဖန်မှု များ ပြင်းထန်လာနေသဖြင့် စစ်ကောင်စီသည် ၎င်းတို့ အသက်ဆက် နိုင်ရေး အတွက် ဆုပ်လည်းဆူး စားလည်းရူးသည့် အနေအထားသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်

Credit