Local News

အိမ်ပြန်မလာနိုင်တော့တဲ့ ကျူရှင်ဆရာ

ပေနှစ်ဆယ်ပတ်လည် လုံးချင်းအိမ်ရဲ့ရှေ့မှာ နာရေးနဲ့ပတ်သက်ပြီး ဆိုင်းဘုတ်ချထားတာလည်းမရှိ၊ ကလဖျင်းလည်းထိုးမထား၊ အဲဒါကြောင့် ဇဝေဇဝါနဲ့ အိမ်လိပ်စာကို တစ်ချက်ပြန်စစ်ကြည့်လိုက်မိတယ်။ အိမ်လိပ်စာကလည်း မှန်တယ်ဆိုတာ သေချာတယ်။

အဲဒါနဲ့ ဘေးအိမ်ကို မေးကြည့်လိုက်တော့ “ဟုတ်ပါတယ် နာရေးအိမ်ပါ”လို့ ဖြေတယ်။သေချာပြီဆိုတော့ အိမ်ထဲဝင်ခဲ့လိုက်တယ်။ အိမ်ရှေ့ခန်းမှာ အမျိုးသမီးလေးယောက်ရှိပေမယ့် အခန်းထဲ အပ်ကျရင်တောင် အသံကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လို့နေတယ်။

ရောက်သွားတဲ့အချိန်က ညနေစောင်း၊ မှောင်ရိပ်ကလည်း သန်းနေပြီ။ ဒါပေမဲ့ မီးတွေထွန်းမထားကြဘူး။ အနွေးထည်နှစ်ထပ်လောက်ဝတ်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက်က ခုံတန်းရှည်လေးမှာ ဘေးတစောင်းလှဲအိပ်နေပြီး ကျန်နှစ်ယောက်က ဘေးခုံတွေမှာ ထိုင်နေတယ်။ နောက်အမျိုးသမီးတစ်ယောက်ကတော့

အောက်မှာထိုင်နေတယ်။နံရံပေါ်က မှန်ဘောင်နဲ့ ချိတ်ထားတဲ့ဓါတ်ပုံတွေကို နောက်ကျောလှန်ထားတာကိုလည်း သတိထားလိုက်မိတယ်။ ကျွန်တော် ရောက်နေတာက ကွယ်လွန်သူ ကျူရှင်ဆရာ ဦးစိုးပိုင်ရဲ့အိမ်ပါ။ကျွန်တော့်ကို ဦးစိုးပိုင်ရဲ့ ကျောင်းသားတစ်ဦးလို့ပဲ ထင်နေကြပုံရပါတယ်။

ကျွန်တော်က သတင်းမီဒီယာသမား တစ်ဦးဖြစ်ပြီး သတင်းယူဖို့အတွက် ရောက်လာတာဖြစ်ပါတယ်လို့ မိတ်ဆက်လိုက်တော့ ဦးစိုးပိုင်ရဲ့ အမဝမ်းကွဲဆိုသူက ဘေးဘီဝဲယာကိုဝဲကြည့်လိုက်ပြီး ကျွန်တော့်ကို ဒီကနေမြန်မြန်ပြန်ဖို့ပြောတယ်။သူတို့ အိမ်ကိုစောင့်ကြည့်နေတယ်” လို့လည်း သူက ဆိုတယ်။

သူက တစ်ဆက်တည်းမှာပဲ ဆက်ပြောလိုက်တာက “အခုကဘယ်ဘက်မှ လှုပ်မရတဲ့အနေအထားဖြစ်နေတာ၊ ရပ်ကွက်ထဲမှာကလည်း ဒလန်တွေနဲ့၊ အကုန် စောင့်ကြည့်နေကြတယ်”ခုံတန်းရှည်မှာ လှဲနေတဲ့အမျိုးသမီးကြီးကတော့ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးအေးဖြစ်ပြီး ဦးစိုးပိုင်ရဲ့မိခင်ဖြစ်ပါတယ်

သာကေတ (၇) အရှေ့ရပ်ကွက်၊ အောင်သပြေ အနောက် (၄)လမ်းက ဒီအိမ်လေးမှာ ဒေါ်အေးအေးရယ်၊ နံရံပေါ်က မှောက်ထားတဲ့ ဓါတ်ပုံတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဦးစိုးပိုင်တို့ နေခဲ့ကြတာပါ။အမဝမ်းကွဲဖြစ်သူကတော့ “ဂုဏ်ယူရမယ်လေ၊ ဂုဏ်ယူရမှာ” လို့ အံကိုတင်းပြီး နှစ်သိမ့်စကားကို ထပ်တလဲလဲ ပြောနေခဲ့တယ်

အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ ကျူရှင်ဆရာ ဦးစိုးပိုင် (ခ) ဦးကျော်ခိုင်ဝင်းဟာ ရူပဒဂုံဦးစိုးပိုင်ဆိုတဲ့ နာမည်နဲ့ သူနေထိုင်ရာ နေအိမ်မှာပဲ ကျုရှင်ဖွင့်ထားတယ်။ အလယ်တန်းနဲ့ အထက်တန်း ရူပဗေဒဘာသာရပ်ကို သူသင်ကြားနေတာ ဆယ်နှစ်ဝန်းကျင်အထိရှိနေပါပြီ။

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ မြို့နယ် သပိတ် တွေမှာလည်း ဆရာစိုးပိုင်ဟာ ပါဝင်ခဲ့တယ်။သြဂုတ် ၂၂ရက်နေ့ နံနက် ၉ နာရီကျော်မှာ ဦးစိုးပိုင်တို့အိမ်ကို စစ်ကောင်စီတပ်က “လက်နက်တွေရှိတယ်လို့ သတင်းရတယ်” ဆိုပြီး ဝင်ရှာတယ်။

သူတို့ရှာတာမတွေ့ခဲ့ပေမယ့်လည်း ဦးစိုးပိုင်ကိုဖမ်းသွားခဲ့ကြတယ်။လက်နက်တွေရှိတယ်ဆိုပြီး လာရှာကြတာ။ ဒါပေမဲ့ ဘာလက်နက်မှလည်း မရှိပါဘူး။ သူတို့လည်း ဘာမှရှာမတွေ့တာကို လူကို သက်သက်ဖမ်းသွားတာပါ” လို့ သူရဲ့ ဆွေမျိုးသားချင်းတစ်ဦးက ပြောပါတယ်။

အဲဒီနေ့ကအဖြစ်အပျက်ကို မြင်တွေ့ခဲ့သူတစ်ယောက်က “လာဖမ်းတုန်းက ယူနီဖောင်းတွေနဲ့ပဲလာတာ တော်တော်များတယ်။ပတ်ပတ်လည်ဝိုင်းထားတာ (၆) လမ်းတို့၊ (၃) လမ်းတို့၊ (၈) လမ်းတို့ တခြားလမ်းတွေကောပဲ တောက်လျှောက်ဝိုင်းထားတာ၊ သူတို့ရှာတာ ဘာလက်နက်မှ မတွေ့ဘဲ

ဆရာမျက်နှာကို ခေါင်းစွပ်အမည်းစွပ် ရိုက်ပြီး ကားပေါ်တင်ဖမ်းသွားကြတာ” လို့ ပြောပါတယ်။နောက်တစ်ရက် သြဂုတ် ၂၃ရက်ညနေ ၄ နာရီလောက်မှာတော့ သာကေတ အမှတ် (၂) စခန်းမှူးကနေ ဦးစိုးပိုင်ဟာ ဗိုက်အောင့်ပြီး ဆုံးသွားပြီလို့ မိသားစုတွေဆီ အကြောင်းကြားခဲ့တယ်။

နာမကျန်းဖြစ်တာမရှိသလို ကိုဗစ် ရောဂါ လက္ခဏာတွေမရှိခဲ့သူကို ကိုဗစ် ကြောင့်ဆုံးတယ်ဆိုပြီး မိသားစုကိုဖုန်းဆက်ပြောခဲ့တာပါ။ဒါပေမဲ့ ရုပ်အလောင်းကိုတော့ မိသားစုကိုထုတ်ခွင့်မပေးဘဲ စစ်တပ်ရဲ့အစီအစဉ်နဲ့ပဲ သင်္ဂြုဟ် မယ်လို့ဆိုပါတယ်။ နာရေးကို

မိသားစုတစ်ယောက်ပဲ ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။”မိသားစုဝင်ကလည်း အဝေးကနေပဲ သင်္ဂြုဟ် ရတာ၊ အလောင်းကို မြင်တောင် မမြင်ခဲ့ရဘူး” လို့ သူရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အိမ်နီးချင်းတစ်ယောက်ကတော့ “ဆရာက နှိပ်စက်ခံရလို့ သေရတာပါ။ သူတို့ပြောတဲ့ စကားတွေတောင် တစ်ယောက်နဲ့တစ်ယောက် မညီတာ အသိသာကြီးပဲလေ။ ဒီထက်ပိုပြီး ရှင်းစရာ ဘာမှမရှိတော့ဘူး။ အကုန်လုံးလည်း ဒီလိုအခြေအနေမှာ ဒီလိုဖြစ်တာကြားရင် မတရားနှိပ်စက်ခံရလို့

သေတယ်ဆိုတာ သိကြတာပဲလေ” လို့ပြောပါတယ်ရပ်ကွက်ထဲမှာ ရန်ငြိုးရန်စမရှိသလို တပည့်ကျောင်းသားကျောင်းသူတွေကလည်း ချစ်ကြတဲ့ အေးအေးဆေးဆေး နေတက်သူ ဆရာဦးစိုးပိုင်ဟာ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုကြောင့် ဒေါသမီး လောင်မြိုက်မှုကို

ခံစားလာရပါတယ်။ အဲဒါကြောင့် သူက စစ်သားတွေကို မုန်းတီးတာနဲ့ ပတ်သက်တဲ့စာတွေကို သူရဲ့ ဖေဘုတ်စ်မှာ တင်လေ့ရှိပါတယ်။ သူရဲ့ ဖေဘုတ်စ်အကောင့်ကိုလည်း စစ်သားတိုင်း ငါ့ရဲ့ကျေးကျွန်ဆိုတဲ့ နာမည်ပေးထားခဲ့တာပါ။

သူ့ရဲ့တပည့်တစ်ယောက်ကတော့ “စစ်သားကို မုန်းတာက ဆရာတစ်ယောက်ထဲမှ မဟုတ်တာနော်။ သူတို့ကို မုန်းတာက တစ်တိုင်းပြည်လုံး တစ်နိုင်ငံလုံး အကုန်လုံး မုန်းနေကြတာပဲလေ”လို့ ပြောပါတယ်။သူရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ကတော့ “သူကရိုးသားတယ်။

သူ့ကို သူတပည့်တွေက အရမ်း ချစ်ကြတာကိုတော့ ကျွန်တော်သိတယ်။ပြီးတော့ သူက အေးဆေးနေတတ်တဲ့သူ ဒါပေမဲ့ သူက မဟုတ်မခံတတ်ဘူး။ ဒီဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းဖြစ်စဉ်ကို သူမခံမရပ်နိုင်လို့သာ ဖေ့ဘုတ်စ်ပေါ် စာတင်တာတို့၊ သူများနည်းတူ ဆန္ဒ ထွက်ပြတာမျိုးတော့ ရှိတာပေါ့”လို့

ပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၂၉ရက် တနဂ်နွေနေ့က ဆရာဦးစိုးပိုင်ရဲ့ ကွယ်လွန်ရက် ခုနှစ်ရက်မြောက် ရက်လည်ဖြစ်တာမို့ ကျန်ရစ်သူမိသားစုက ရက်လည်ဆွမ်းသွတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။”သူ့မှာက အမေတစ်ယောက်ပဲရှိတော့တာ၊ အဖေဆုံးတာကလည်း မကြာသေးဘူး။

အမေကိုသူက လုပ်ကျွေးနေတာ၊ အဲဒီတော့ ပိုဝမ်းနည်းရတာပေါ့”လို့ ဆရာဦးစိုးပိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး မိတ်ဆွေတစ်ဦးက ပြောပါတယ်။အခုလိုဖမ်းဆီးသွားပြီး စစ်ကြောရေးမှာသေလို့ အလောင်းပဲပြန်မြင်ရတာ ဆရာဦးစိုးပိုင်တစ်ယောက်ထဲ မဟုတ်ပါဘူး။

သတင်းတွေအရ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် သေဆုံးသူဟာ သြဂုတ် ၃၀ရက်အထိ ကျုရှင်ဆရာဦးစိုးပိုင် အပါအဝင် ၃၅ဦးအထိ ရှိပါတယ်သြဂုတ် ၃ ရက်အထိ လွတ်လပ်တဲ့အာရှအသံရေဒီယို(RFA)က သီးခြားကောက်ယူခဲ့တဲ့ စာရင်းတွေအရ

ရဲနဲ့စစ်တပ်တို့ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေးမှာ သေဆုံးခဲ့သူဦးရေ ၃၂ ဦးရှိတယ်လို့ RFA မြန်မာပိုင်းက ထုတ်ပြန်တဲ့သတင်းတစ်ပုဒ်မှာ ပါရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သုံးဦး ထပ်မံ အသတ်ခံထားရတာပါ။ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့သူတွေထဲမှာ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်း ကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် (ခေါ်) ကိုအဂ္ဂမိုးညို၊ မုံရွာမြို့က ကဗျာဆရာ ကိုခက်သီ၊

စစ်ကိုင်းတိုင်း ကလေးမြို့က သံသယနဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ သာမန်အရပ်သား ကိုမင်းမင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသား တွေဖြစ်တဲ့ ကိုချစ်ကိုနဲ့ ဦးစိန်ဝင်း၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ကိုသက်ထူးပိုင် (ခေါ်) အလီ၊ ပဲခူးတိုင်း ပြည်မြို့က ကိုစိုးမင်း၊ မုံရွာမြို့က ကိုအောင်ဇော်မျိုး (ခေါ်) ကိုအငယ်လေး

ပဲခူးတိုင်း ရွှေတောင်မြို့က ကိုအောင်အောင်လွင်၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တဲစုရွာ NLD ဥက္ကဋ္ဌ ကိုစိုးစံနဲ့ အခုနောက်ဆုံး ကလေးမြို့က ကိုလန်ခန့်ထန်နဲ့ ရန်ကုန်က ကိုထက်ကိုဦး၊ မုံရွာက ကိုသက်နိုင်စိုး၊ သာကေတက ဆရာဦးစိုးပိုင်နဲ့ တောင်ဥက္ကလာက မောင်စန်းဝင်းအောင်တို့ ပါဝင်ပါတယ်။

ဆရာဦးစိုးပိုင်နှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးကတော့ “အချိန်မတန်သေးဘဲ မသေသင့်ပဲ သေရတာပေါ့။ သူ့ကို မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့ သတ်ပစ်လိုက်ကြတယ်။ သူတို့ရဲ့မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် အသတ်ခံရတာ”လို့ မချိတင်ကဲ ပြောပါတယ်။

Credit